လှိုင်မြို့နယ် သုခလမ်းတွင် အမျိုးသားတစ်ဦးအား လူမြင်ကွင်းတွင် လည်ပင်းကိုသံချောင်းနဲ့ထိုးပြီး ထင်းချောင်းနဲ့ ရိုက်သတ်မှုဖြစ်ပွား

  လှိုင်မြို့နယ်တွင် အမျိုးသားတစ်ဦးအား တစ်လမ်းတည်းနေထိုင်သူ အမျိုးသားက သံချောင်းဖြင့် ထိုးသတ်မှုကြောင့် သေဆုံး
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သုခလမ်း လမ်းသွယ် ၅၀ ထိပ်တွင် ဇူလိုင် ၂၈ ရက်၊ နံနက်ပိုင်းက အသက် ၅၀ ကျော်အမျိုးသားတစ်ဦးကို တစ်လမ်းတည်းနေထိုင်သူ အမျိုးသားတစ်ဦးက သံချောင်းဖြင့်ထိုးပြီး နောက် ထင်းချောင်းဖြင့် ရိုက်သတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း လှိုင်မြို့နယ်ရဲစခန်းမှ သိရှိရသည်။
 “ကျွန်တော်တို့ကိုလှမ်းအကြောင်းကြားတာ ရန်ဖြစ်တယ်ဆိုပြီးတော့၊ ရောက်တော့ လူတစ်ယောက်က ဦးလေး တစ်ဦးကို လည်ပင်းကိုသံချောင်းနဲ့ထိုးပြီး အနားကထမင်းဆိုင်က ထင်းချောင်းတွေနဲ့ရိုက်တာ ပွဲချင်းပြီးသေ တယ်။ အခုတရားခံကိုလည်း ဖမ်းထားပြီးပြီ။ စစ်ဆေးမှုတွေဆက်လုပ်သွားပါမယ်”ဟု လှိုင်မြို့နယ်ရဲစခန်းမှ ဒုတိယရဲမှူး ကျော်ဇော်ကပြောသည်။

 သေဆုံးသူ ဦးသိန်းလှထွန်းမှာ အငှားကားမောင်းရန်ထွက်လာစဉ် တစ်လမ်းတည်းနေထိုင်သူ အောင်ကျော်ဖြိုး က သံချောင်းဖြင့်လည်ပင်းကို ထိုး၍ ထင်းချောင်းဖြင့်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း လှိုင်မြို့နယ်ရဲစခန်းမှ သိရသည်။“နံနက်၆ နာရီလောက်ကဖြစ်တာ။ သတ်ခံရရတဲ့လူက အငှားကားမောင်းတာ ကားထွက်ဖို့လာတဲ့အချိန်မှာ အဲဒီ ကောင်လေးက သတ်လိုက်တာပဲ။ ပြီးတော့ ထင်းချောင်းနဲ့ စိမ်ပြေနပြေထိုင်ရိုက်နေတာပါ။ အဲဒီကောင်လေးပဲ အဲဒီဦးလေးကြီးကို ပြီးခဲ့တဲ့နှစ်သစ်ကူးညက ကျွန်တော်တို့ဆိုင်ရှေ့မှာခဲနဲ့ထုတာ ခေါင်းခြောက် ချက်ချုပ်ခဲ့ရတယ်။”ဟုအခင်းဖြစ်ပွားရာအနီးတွင်ရှိနေသူဦးမောင်မောင်ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လှိုင်မြို့နယ်ရဲစခန်းမှ ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရမိထားပြီး သေဆုံးသူ၏ နိုင်ငံခြား မှ ဆွေမျိုးများ ဇူလိုင် ၂၉ ရက်တွင် ရောက်ရှိလာမှသာ လူသတ်မှုဖြင့် အမှုဖွင့်တရားစွဲဆိုသွားရန် လုပ်ဆောင်နေ ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
လှိုင်မြို့နယ် သုခလမ်းတွင် အမျိုးသားတစ်ဦးအား လူမြင်ကွင်းတွင် လည်ပင်းကိုသံချောင်းနဲ့ထိုးပြီး ထင်းချောင်းနဲ့ ရိုက်သတ်မှုဖြစ်ပွား   လှိုင်မြို့နယ် သုခလမ်းတွင် အမျိုးသားတစ်ဦးအား လူမြင်ကွင်းတွင် လည်ပင်းကိုသံချောင်းနဲ့ထိုးပြီး ထင်းချောင်းနဲ့ ရိုက်သတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.