မိုင်ဂျာယန်ဆွေးနွေးပွဲ အောင်မြင်ဖို့ ငြိမ်းချမ်းရေးကော်မရှင် မျှော်လင့်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီရဲ့ အစည်းအဝေးကို ဇူလိုင်လ ၄ ရက်နေ့ က နေပြည်တော် Horizon Lake View Hotel မှာ ကျင်းပစဉ်။ Photo: Win Naung Toe/RFA
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ၂၁ရာစု ပင်လုံညီလာခံမှာ ပါဝင်လာနိုင်ရေး အတွက် ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသမှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ အောင်မြင်စွာဆွေးနွေးနိုင် ဖို့ မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ကြေညာချက်မှာ ကော်မရှင်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မိုင်ဂျာယန်မြို့ကို သွားလာရာမှာ အဆင်ပြေစေဖို့ ကူညီနေကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ရေး မှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးသား အဖွဲ့တွေရော မထိုးရသေးတဲ့ အဖွဲ့တွေပါ ပါဝင်နိုင်ဖို့ ဖိတ်ကြားထားကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် NCA မှာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်နေတဲ့အချက်တွေကို ညှိနှိုင်းဖို့ စီစဉ်နေတယ် လို့လည်း ပါရှိပါတယ်။

မိုင်ဂျာယန် ဆွေးနွေးပွဲကနေ လာမယ့် ၂၁ ရာစု ပင်လုံ ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး စုံညီစွာ တက်ရောက်နိုင်မယ့် ရလဒ်ကောင်းတွေ ဆောင်ကြဉ်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပါရှိပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်မှာ ဥက္ကဌအဖြစ် ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဌအဖြစ် ဦးသိန်းဇော်၊ အတွင်းရေးမှူးအဖြစ် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်တွေအဖြစ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး တို့ ပါဝင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မျက်နှာစုံညီ အစည်းအဝေးကို မိုင်ဂျာယန်မြို့မှာ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မိုင်ဂျာယန်ဆွေးနွေးပွဲ အောင်မြင်ဖို့ ငြိမ်းချမ်းရေးကော်မရှင် မျှော်လင့်  မိုင်ဂျာယန်ဆွေးနွေးပွဲ အောင်မြင်ဖို့ ငြိမ်းချမ်းရေးကော်မရှင် မျှော်လင့် Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.