ဓားနှစ်လက်ကိုင်၍ သောင်းကျန်းသူကို ရဲများက လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရ

ကလေး၊ ဇူလိုင် ၃၁။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ကလေး-ကလေးဝ လမ်းပေါ်တွင် ဇူလိုင် ၃၀၊ ညနေ ၃နာရီအချိန်ခန့်တွင် အမျိုးသားတစ်ဦးက ဓားနှစ်လက်ကိုင်ပြီး သောင်းကျန်းနေသဖြင့် ရဲတပ်ဖွဲ့ဝင်များက လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။

အခင်းဖြစ်ပွားမှုအားတွေ့ရစဉ်။ ဓာတ်ပုံ- Khine Khine Oo Fb
ဖြစ်စဉ်မှာ ရပ်ကွက်အတွင်း ဓားဖြင့် သောင်းကျန်းနေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ကလေးမြို့မရဲစခန်းသို့ အကြောင်းကြားသဖြင့် နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်နှင့် အဖွဲ့က သွားရောက်တားဆီးရာတွင် လက်မခံပဲ ဓားဖြင့်ပစ်ပေါက်ကာ တုန့်ပြန်သဖြင့် လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

''နယ်ထိန်းတပ်သားတစ်ယောက်ရယ် ကျွန်တော်ရယ် နယ်ထိန်းဒုတပ်ကြပ်တစ်ယောက်ရယ်ရောက်သွားကြပါတယ်။ စတွေ့တော့ မြို့တော်ခန်းမရှေ့ မယ်သီလရှင်ကျောင်းလမ်းကြားပေါ့။ အဲဒီကနေ ကလေး-ကလေးဝကားလမ်းပေါ် တက်လာတယ်။ လက်နက်ချဖို့ အေးအေးဆေးဆေး ပြဿနာကိုဖြေရှင်းဖို့ ပြောပါတယ်။ လက်မခံဘူး။ သူ့နားလည်း ကပ်လို့မရဘူး။ ဓားတစ်ရမ်းရမ်းနဲ့ပါ။ အချိန်တွေကြာလာတော့ ပြည်သူတွေကို ထိခိုက်မှာစိုးလို့ ဝိုင်းထားရင်း လူသူနည်းတဲ့ လမ်းပေါ် မော်လိုက်အနောက်သစ်ထုတ်လုပ်ရေးဝင်းရှေ့မှ ကျွန်တော်က ခြောက်လန့်ဖို့ လက်နက်ထုတ်ချိန်တဲ့ အချိန်မှာ သူဘက်ကစပြီး လက်တစ်ဖက်က ဓားရှည်နဲ့လှမ်းပစ်ပါတယ်။ ကံကောင်းလို့ ရှောင်ခင်နိုင်လိုက်တာ။ အဲ့အချိန်မှာ အားလုံးဝိုင်းပြီး ဝင်လုံးထွေးသတ်ပုတ်မှ ဖမ်းဆီးခဲ့နိုင်တာ"ဟု ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောသည်။

အခင်းဖြစ်ပွားမှုအားတွေ့ရစဉ်။ ဓာတ်ပုံ- Khine Khine Oo Fb
ဓားကိုင်သောင်းကျန်းသူသည် ယခင်ကလည်း သာသာနာညှိုးနွမ်းမှုဖြင့် ထောင်ကျဖူးသူတစ်ဦးဖြစ်ပြီး ယင်းရပ်ကွက်ရှိ ပြည်သူတစ်ဦးကို မကျေနပ်သဖြင့် ဓားကိုင်ဆောင်ကာ သောင်းကျန်းခြင်းဖြစ်ကြောင်း သိရသည်။

ယင်းထံမှ အရိုးအသွား(၂၅)လက်မခန့်ရှိ ဓါးရှည်(၁)ချောင်း၊ အရိုးအသွား(၁၄)လက်မခန့်ရှိ ဓါးဦးချွန်ဓါးမြောင်(၁) ချောင်းသိမ်းဆည်းရမိပြီး တရားဝင်ခွင့်ပြုချက်မရှိဘဲ လက်နက်များကိုင်ဆောင်ပြီး ရမ်းကားမှုဖြင့် ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်က တရားလိုပြုလုပ်၍ တိုင်တန်းထားကြောင်း သိရသည်။

စည်သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar
ဓားနှစ်လက်ကိုင်၍ သောင်းကျန်းသူကို ရဲများက လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရ   ဓားနှစ်လက်ကိုင်၍ သောင်းကျန်းသူကို ရဲများက လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.