ပြည်သူများ၏ ယုံကြည်မှုရရှိအောင် မဆောင်ရွက်နိုင်ပါက ကျောက်တော်မြို့နယ်မှ ရခိုင်အမျိုးသားပါတီဝင်များ ပါတီဝင်အဖြစ်မှနှုတ်ထွက်မည်ဟုဆို


ဇွန် ၉ / DNJ

ရခိုင်အမျိုးသားပါတီဗဟိုဌာနချုပ်သို့ ကျောက်တော်မြို့နယ် ရခိုင်အမျိုးသားပါတီဝင်များမှ ပါတီတွင်းစည်းလုံးညီညွတ်မှုခိုင်မာရေး၊ ရင်ကြားစေ့ရေးအတွက် တောင်းဆိုစာတစ်စောင် ပေးပို့ထားပြီး အဆိုပါကိစ္စအား (၇) ရက်အတွင်း ဖြေရှင်းမပေးနိုင်ပါက ကျောက်တော်မြို့နယ်မှ ရခိုင်အမျိုးသားပါတီဝင် ၉၅၃ ဦး ပါတီဝင်အဖြစ်မှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်းဆိုစာအား ဇွန်လ ၆ ရက်နေ့က ပေးပို့ခြင်းဖြစ်ကာ၊ ပေးပို့ရခြင်းမှာ ကျောက်တော်မြို့နယ်တွင် လတ်တလောဖြစ်ပွားနေသော လူမှုရေး၊ နိုင်ငံရေး၊ မြေယာကိစ္စရပ်များအား ဖြေရှင်းနိုင်ရန်အတွက် ကျောက်တော်လူထုမှ မြို့နယ်ဥက္ကဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးတို့ကို အများသဘောတူ တင်မြှောက်ခဲ့ကြသော်လည်း ပါတီဗဟိုဌာနချုပ်မှ ပြည်သူများတင်မြှောက်ခဲ့သော မြို့နယ်ဥက္ကဌနှင့် အတွင်းရေးမှူးအပြင် မြို့နယ်ဒုဥက္ကဌတို့ကိုပါ ပါတီမှ ထုတ်ပယ်လိုက်ခြင်းကြောင်း ယင်းကိစ္စအား အမြန်ဆုံးဖြေရှင်းပေးနိုင်ရေးအတွက် တောင်းဆိုစာပေးပို့ရခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် ပါတီစည်းကမ်းထိန်းသိန်းရေး ခေါင်းဆောင် ဦးငွေသိန်း က DNJ သို့ ပြောကြားသည်။

" ကျနော်တို့မြို့နယ်လူထုက ဥက္ကဌနဲ့ အတွင်းရေးမှူးတွေကို ရွေးချယ်တင်မြောက်ရတယ်ဆိုတာက အခုလက်ရှိ မြို့နယ်ဥက္ကဌက ပြည်နယ်လွှတ်တော်မှာ ၊ ပြီးတော့ ဒုဥက္ကဌကလည်း ပြည်သူ့လွှတ်တော်မှာလေ။ သူတို့က လွှတ်တော်မှာ အလုပ်များနေတော့ မြို့နယ်ကကိစ္စတွေကို ဘယ်လိုလုပ်ဖြေရှင်းပေးနိုင်မှာလဲ။ ဒါကြောင့် ကျနော်တို့က ပြည်သူလူထုနဲ့ ညှိနှိုင်းပြီးတော့ အမှန်တကယ်လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေကို တင်မြှောက်ခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ တင်မြောက်ခဲ့တဲ့ သူတွေကို ဗဟိုကနေပြီးတော့ ပါတီက ထုတ်ပယ်လိုက်တယ်လေ။ ဗဟိုကနေ သူတို့ကို ထုတ်ပယ်လိုက်တော့ မြို့နယ်အလုပ်အမှုဆောင် (၆) ဦးကလည်း နှုတ်ထွက်သွားခဲ့ပါတယ်။ မြို့နယ်အတွင်းက ပြဿနာတွေကို ဖြေရှင်းတယ်ဆိုတာက ဥက္ကဌတို့ အတွင်းရေးမှူးတို့ ဖြေရှင်းမှ ရမှာလေ။ အခုက ဥက္ကဌကလည်းမရှိတော့ ကျနော်တို့ကလည်း မြို့နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ ကျနော်တို့နဲ့ အနီးကပ်ရှိနေမယ့် သူတွေကို ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ပါတယ် " ဟု ဦးငွေသိန်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပါတီဗဟိုဌာချုပ်သို့ဆက်သွယ်မေးမြန်းရာတွင် ၂၀၁၇ ခုနှစ်တွင် ပါတီညီလာခံကြီးတစ်ခုလုပ်ဆောင်သွားမည်ဖြစ်ပြီး မြို့နယ်ပါတီဝင်များအတွင်း အချင်းချင်းအမြင်မကြည်မှုများ အနည်းငယ်ရှိကြသည်ကို လတ်တလော ပါတီညီလာခံမလုပ်မီ ပါတီဗဟိုဌာနချုပ်မှ ကော်မတီတစ်ခုဖွဲ့ပြီး လုပ်ဆောင်သွားမည်သည့်အတွက် မိမိသဘောဆန္ဒအလျောက် မလုပ်ဆောင်ကြရန် ဗဟိုဌာနချုပ်မှ စာထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပါတီစည်းမျဉ်းစည်းကမ်းများမှာလည်း ပါတီဗဟိုမှညွှန်ကြားချက်များ၊လမ်းညွှန်မှုများ၊သဘောထားများကို အောက်ခြေအဖွဲ့အစည်းအသီးသီးမှ အတိကျလိုက်နာရမည်ဟု ပါတီဖွဲ့စည်းပုံမှာပါရှိကြောင်းနှင့် ပါတီနေရာများအားပြန်လည်ဖွဲ့စည်းမည်ဆိုပါက အထက်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ဖြင့်သာ ဖွဲ့စည်းရမည်ဟု ပါတီဖွဲ့စည်းပုံ၌အတိကျဖေါ်ပြထားကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။

“အခုက လုံလောက်တဲ့အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ကျောက်တော်မြို့နယ်ပါတီဥက္ကဌဦးမောင်မောင်ဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့တွက် ပါတီဥက္ကဌလုပ်လို့မရတော့ဘူးဆိုတာဟာ လုံးဝသဘာဝမကျပါ။”ဟု လည်းဦးထွန်းအောင်ကျော်ကပြောသည်။

ယင်းကဲ့သို့ ကျောက်တော်မြို့နယ်ပါတီမှတောင်းဆိုသည့် ကိစ္စမှာ ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များအား ဖိအားပေးခြင်းသာဖြစ်ပြီး နိုင်ငံရေးပါတီတစ်ခုမှာ မရှိသင့်သည့်ကိစ္စတစ်ခုဖြစ်ကာ ရခိုင်အမျိုးသားပါတီမှ လက်ခံနိုင်စရာအကြောင်းမရှိကြောင်းလည်း ဦးထွန်းအောင်ကျော်ကဆိုသည်။

ဓါတ်ပုံ- ရခိုင်အမျိုးသားပါတီ facebook
Development Media Group
https://www.facebook.com/DevelopmentNJ
ပြည်သူများ၏ ယုံကြည်မှုရရှိအောင် မဆောင်ရွက်နိုင်ပါက ကျောက်တော်မြို့နယ်မှ ရခိုင်အမျိုးသားပါတီဝင်များ ပါတီဝင်အဖြစ်မှနှုတ်ထွက်မည်ဟုဆို  ပြည်သူများ၏ ယုံကြည်မှုရရှိအောင် မဆောင်ရွက်နိုင်ပါက ကျောက်တော်မြို့နယ်မှ ရခိုင်အမျိုးသားပါတီဝင်များ ပါတီဝင်အဖြစ်မှနှုတ်ထွက်မည်ဟုဆို Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.