မန္တလေးမြို့ ဘုန်းကြီးကျောင်းဝင်းအတွင်း လိုင်စင်မဲ့ယာဉ် ၂၇ စီး တွေ့ရှိ


မန္တလေးမြို့ ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ အောင်မြေရွှေဘုံကျောင်းတိုက်၊ သာသနာ့ဗိမာန်ကျောင်းဝင်းအတွင်း၌ ဇွန် ၂၀ ရက်၊ နံနက် ၉ နာရီခန့်က ပူးပေါင်းအဖွဲ့ဖြင့် ၀င်ရောက်ရှာဖွေရာ လိုင်စင်မဲ့မော်တော်ယာဉ် ၂၇ စီး အား တွေ့ရှိ သိမ်းဆည်းခဲ့ပြီး ဆက်လက်စစ်ဆေးနေကြောင်း ကနဦးသတင်းများအရ သိရသည်။

“ရက် ၁၀၀ စီမံချက်လည်း လုပ်နေတယ်။ ကျောင်းဝင်းထဲမှာ ကားတွေ အများကြီးရှိတယ်ဆိုတာသိရပြီး ပူးပေါင်းအဖွဲ့နဲ့ ၀င်ရောက်စစ်ဆေးခဲ့ရာမှာ လိုင်စင်မဲ့ကားတွေဆိုတာသိရလို့ ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တယ်။ လက်ရှိ စစ်ဆေးမှုတွေ ဆက်လုပ်နေတာပါ”ဟု မဟာအောင်မြေမြို့နယ် အမှတ် ၁၁ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါပူးပေါင်းအဖွဲ့တွင် သံဃာ့နာယက ဆရာတော်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အမှတ် ၁၁ နယ်မြေခံရဲတပ်ဖွဲ့အပါအ၀င် ၂၅ ဦး၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၀င်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“လိုင်စင်မဲ့ဆိုတာကို ကားရဲ့ ချက်စီနံပါတ်နဲ့ ကညန မှတ်တမ်းက ကွန်ပြူတာမှာ စစ်ဆေးတယ်။ မှတ်ပုံတင် လုပ်မထားဘူးဆိုတာ ကညန က တရားဝင် အကြောင်းပြန်တယ်။ လိုင်စင်မဲ့ဆိုရင်တော့ ဥပဒေကြောင်းအရ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်တယ်”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၈၉) မှ ဒုရဲမှူး ဇော်လင်းက ပြောသည်။

တရားမ၀င်တင်သွင်းလာသည့် လိုင်စင်မဲ့မော်တော်ယာဉ်များအား ခရိုင်ရဲရုံးနှင့် မြို့နယ်ရဲစခန်းတို့တွင် သယ်ယူသိမ်းဆည်းခဲ့ကြောင်း၊ မောတော်ယာဉ်များနှင့်အတူတွေ့ရှိရသော အမျိုးသားနှစ်ဦးအားလည်း စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ခိုင်ဆက်ဝေ၊ စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မန္တလေးမြို့ ဘုန်းကြီးကျောင်းဝင်းအတွင်း လိုင်စင်မဲ့ယာဉ် ၂၇ စီး တွေ့ရှိ  မန္တလေးမြို့ ဘုန်းကြီးကျောင်းဝင်းအတွင်း လိုင်စင်မဲ့ယာဉ် ၂၇ စီး တွေ့ရှိ Reviewed by THITHTOOLWIN on 15:58 Rating: 5
Powered by Blogger.