ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်၊ အစီအစဉ်အချို့ ဖျက်သိမ်း

ထလေထိုင်း ခန်းမ မှာ မြန်မာအလုပ်သမားတွေ ကို တွေ့ဆုံမယ်
ဇွန်လ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ကို ရောက်ရှိလာမှာပါ။

ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း လုပ်ဆောင်မယ့်အစီအစဉ် တွေ နဲ့ ပတ်သက်ပြီး နောက်ဆုံးအချိန်ကပ်မှ အပြောင်းအလဲ တချို့ရှိတယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ကိုရောက်လာရင် ထိုင်းအစိုးရက ကြိုဆိုတာ တွေ ကိုတွေ့ ဆုံပြီးတဲ့နောက်ပိုင်း မြန်မာရွှေ့ပြောင်းအလုပ်သမား တွေ အများအပြားရှိတဲ့ မဟာချိုင် ကို မွန်းလွဲပိုင်းလောက် မှာ သွားရောက်မှာပါ။

အဲဒီမှာ ရှိတဲ့ ထလေထိုင်း ခန်းမ မှာ မြန်မာအလုပ်သမားတွေ ကို သူတွေ့ဆုံမယ့်အစီအစဉ် ရှိပါတယ်။

အဲဒီအစီအစဉ်မှာ အရင်တုန်း ကတော့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် က နေ မြန်မာအလုပ်သမားတွေ ကို ပြောကြားထားချက်အရ ပြောရမယ် အဲဒီ ခန်းမက လူ ၅၀၀ လောက်ဆန့်ပြီး ဘယ်အလုပ်ရုံ ကမဆို အလုပ်သမားတိုင်း အဲဒီ ကို လာတွေ့လို့ ရတယ်။

အလုပ်သမားတွေ စုံအောင် စီစဉ်ဖို့လည်း သံအမတ် ကမှာတယ်လို့ မြန်မာ့အလုပ်သမား အရေးလှုပ်ရှားသူတွေ ကပြောပါတယ်။

ဒါပေမယ့် မနေ့ ကပဲ လာတွေ့မယ့်အလုပ်သမားတွေ ရွေးချယ်တာနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင် တွေ က အပြောင်းအလဲတွေ လုပ်လိုက်တယ် လို့ ထိုင်းနိုင်ငံ ရောက်မြန်မာများအဖွဲ့က ဒေါ်သက်သက်ဉီး က ပြောပါတယ်။

ဇွန်လ ၂၄ ရက်နေ့ ဒုတိယနေ့ ခရီးစဉ်မှာတော့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မှာ ထိုင်းတက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ကို မြန်မာ၊ အာဆီယံ နဲ့ ကမ္ဘာ ဆိုတဲ့ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် က ဟောပြောမှာပါ။ အဲဒီကနေ ဆက်လက်ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တဲ့တွေ့ဆုံမယ့် အစီအစဉ် တွေ ရှိပါတယ်။

အဲဒီအစီအစဉ် တွေ နဲ့ပတ်သက်ပြီး အပြောင်းအလဲ မရှိပေမယ့် နောက်ဆုံးနေ့ စနေနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် နယ်စပ်က ဒုက္ခသည် စခန်းတခုဖြစ်တဲ့ ထမ်ဟင်း ဒုက္ခသည် စခန်း ကို သွားရောက်မယ့်အစီအစဉ် ကိုတော ဖျက်သိမ်း လိုက်ပါတယ်။

ထိုင်း နဲ့ မြန်မာ နယ်စပ်တလျှောက် က မြန်မာဒုက္ခသည်စခန်းတွေ ကို ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေတဲ့ ထိုင်းဘော်ဒါ ကွန်ဆော် တီယံ အဖွဲ့ က ဒါရိုက်တာ ဆယ်လီသွန်မဆင် က အဲဒီအစီအစဉ် ဖျက်သိမ်းလိုက် တဲ့အကြောင်း သူတို့ကို အကြောင်းကြားလာတယ်လို့ ပြောပါတယ်။

အရင် က ဒေါ်အောင်ဆန်းစုကြည်က ဒုက္ခသည် စခန်း ကို သွားရောက်ပြီး စခန်း က ကျောင်းတွေ၊ ထောက်ပံ့ရေး အစီအစဉ်တွေနဲ့ စိုက်ပျိုရေး အစီအစဉ်တွေကို ကြည့်ရှု ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အခုတော့ ဒုက္ခသည် စခန်း ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်တော့မှာ မဟုတ်တဲ့ အတွက် မိမိတို့ဘက် က မျှော်လင့်ချက်တွေ ပျက်သုဉ်း ခဲ့ပြီလို့ ဒုက္ခသည် စခန်း မှာ နေထိုင်သူတွေက ပြောကြားနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်၊ အစီအစဉ်အချို့ ဖျက်သိမ်း  ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်၊ အစီအစဉ်အချို့ ဖျက်သိမ်း Reviewed by THITHTOOLWIN on 03:53 Rating: 5
Powered by Blogger.