ဝ' ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည့် NLD လွှတ်တော်အမတ် ဦးစိုးဌေး (စစ်သံမှုးဟောင်း) အဖွဲ့မှာ အစိုးရ၊ ပါတီ နှင့် လွှတ်တော်ကို ကိုယ်စားမပြု၊ ၊ ပါတီ၏ ခွင့်ပြုချက် မရယူပဲ ၀' ဒေသ သွားခဲ့သူများကို ပါတီမှ အရေးယူဖွယ်ရှိ


အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် UWSA ၀ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် ထိပ်သီးခေါင်းဆောင်များနှင့် ၀ ဒေသ ပန်ဆန်းမြို့တွင် သွားရောက်တွေ့ဆုံခဲ့သူ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး ဦးဆောင်သည့်အဖွဲ့မှာ အစိုးရ ၊ပါတီနှင့် လွှတ်တော် သုံးရပ်စလုံးကို ကိုယ်စားမပြုကြောင်း အန်အယ်လ်ဒီအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းမှ The Ladies News သို့ ပြောသည်။.

‘ အဲဒီ ပန်ဆန်းမှာ ၀ တပ်ဖွဲ့နဲ့ သွားတွေ့တဲ့သူက ပါတီကော ၊ အစိုးရ ၊လွှတ်တော်တို့ကိုပါ ကိုယ်စားမပြုပါဘူး။’ ဟု ဦးဥာဏ်ဝင်းက မေလ ၂ ရက်နေ့ ညနေပိုင်းတွင် The Ladies News သို့ ပြောဆိုသည်။

လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အဖွဲ့ဝင် တဦးဖြစ်သည့် ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးဦးအပါဝင် ပုဂ္ဂိုလအချို့မှာ ဧပြီလ နောက်ဆုံးအပတ်အတွင်းက ၀ ဒေသ ပန်ဆန်းမြို့သို့သွားရောက်ပြီး ၀ တပ်ဖွဲ့ထိပ်သီးခေါင်းဆောင် ဦးရှောက်မီလျှံအပါဝင် ၀ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင် ၀ ပြည်နယ် သတ်မှတ်ပေးရေးအပါဝင် ၀ အနေဖြင့် ပြည်ထောင်စုမှ မခွဲထွက်လိုကြောင်း၊ နှင့် အခြားသော ငြိမ်းချမ်းရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သတင်းမီဒီယာများတွင်ဖော်ပြထားကာ ဦးစိုးဌေးကလည်း ၄င်းမှာ လွှတ်တော်ကိုယ်စားပြုပြီး ၀ ဒေသကို သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ဗွီအိုအေ နှင့် တွေ့ဆုံမေးမြန်းမှု တွင် ဖြေဆိုထားသည်။

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ၀ တပ်ဖွဲ့မှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ်တွင်လည်း သြဇာရှိသည့်အဖွဲ့ဖြစ်ကာ ကျယ်ပြန့်သော နယ်မြေကိုလည်း ပိုင်ဆိုင်ထားပါသည်။

တရုတ်မြန်မာနယ်စပ်ရှိ မူရင်းဝ တိုင်းရင်းသားများနေထိုင်ရာ ၀ ဒေသအပြင် ၊ ၀တောင်ပိုင်းဟု ခေါ်တွင်သော ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နယ်မြေများ ကိုလည်း ယခင် တပ်မတော်အစိုးရ၏ တပ်များနှင့် ပူးပေါင်း၍ ရှမ်းလက်နက်ကိုင်များကို တိုက်ခိုက်ကာ သိမ်းယူထားသော ဒေသများလည်း ရှိနေပါသည်။

ဝ ပြည်နယ်အဖြစ် တောင်းဆိုရာတွင် အခြေခံ ဥပဒေအရ သတ်မှတ်ထားသော ၀ မြောက်ပိုင်း ဒေသအား သီးသန့်တောင်းဆိုခြင်းလား ၊ ရှမ်းလက်နက်ကိုင်များနှင့် အလွန်နီးကပ်နေသည့် ထိုင်းမြန်မာနယ်စပ်ဒေသများကိုပါ ထည့်သွင်းတောင်းဆိုခြင်း ရှိမရှိ ဆိုသည်ကိုမူ အတိအကျ မသိခဲ့ရပေ။

ဝ တပ်ဖွဲ့နှင့် အန်အယ်လ်ဒီတို့အကြားတွေ့ဆုံသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြိးနောက် ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် အခြေချသည့် အပစ်ရပ် လက်နက်ကိုင်အဖွဲ့ဖြစ်သော RCSS/SSA အဖွဲ့မှလည်း အန်အယ်လ်ဒီ အစိုးရနှင့် တွေ့ဆုံ လိုကြောင်း အကြောင်းကြားစာပေးပို့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပါသည်။

ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် RCSS/SSA ရှမ်းလက်နက်ကိုင် တပ်များနှင့် ၀ တပ်ဖွဲ့တို့မှာ တောင်ကြားတစ်နေရာ တစ်ဖွဲ့စီ နေရာယူထား သည့် ဒေသများလည်း ရှိနေကာ အဆိုပါ နှစ်ဖွဲ့မှာ ယခင်စစ်အစိုးရ လက်ထက် တလျှောက်တိုက်ခိုက်ခဲ့သည့် အဖွဲ့များဖြစ်ပြီး တရားဝင် နယ်မြေသတ်မှတ်မှုလည်း ယနေ့အထိတိုင် မလုပ်နိုင်သေးပေ။

အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်ထားသည့်အဖွဲ့များနှင့် အပစ်မရပ်ထားသည့် အဖွဲ့များဟု၍ ရှိနေချိန်တွင် အန်အယ်လ်ဒီအစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒမှာ အားလုံးအား တပြေးညီဆက်ဆံမည့် မူဝါဒအတိုင်း ရှိနေမည်ဖြစ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ဆိုပါသည်။

‘ အန်အယ်လ်ဒီရဲ့ ငြိမ်းချမ်းရေးမူဝါဒက ပြောင်းမှာမဟုတ်ဘူး။ အရင် ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့အတိုင်းပဲ ရှိနေမှာပါ။’ ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

နောက်ဆုံးရရှိသောသတင်းများအရ ၀ ဒေသသို့သွားရောက်ခဲ့သည့် အငြိမ်းစား စစ်သံမှူး စစ်သံမှုးဟောင်းတစ်ဦးဖြစ်သူ ဦးစိုးဌေး (အန်အယ်လ်ဒီ ပါတီ၏ ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) အား အန်အယ်လ်ဒီပါတီမှ အရေးယူမည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောဆိုကြောင်းနှင့် ဗဟိုမှ စာထုတ်ပြန်ရင် ရှိနေကြောင်း ဦးဝင်းထိန်နှင့် နီးစပ်သူတဦးကလည်း The Ladies News သို့ ပြောဆိုသည်။

The Ladies News
https://www.facebook.com/News.TheLadies
ဝ' ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည့် NLD လွှတ်တော်အမတ် ဦးစိုးဌေး (စစ်သံမှုးဟောင်း) အဖွဲ့မှာ အစိုးရ၊ ပါတီ နှင့် လွှတ်တော်ကို ကိုယ်စားမပြု၊ ၊ ပါတီ၏ ခွင့်ပြုချက် မရယူပဲ ၀' ဒေသ သွားခဲ့သူများကို ပါတီမှ အရေးယူဖွယ်ရှိ ၀' ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည့် NLD လွှတ်တော်အမတ် ဦးစိုးဌေး (စစ်သံမှုးဟောင်း) အဖွဲ့မှာ အစိုးရ၊ ပါတီ နှင့် လွှတ်တော်ကို ကိုယ်စားမပြု၊ ၊ ပါတီ၏ ခွင့်ပြုချက် မရယူပဲ ၀' ဒေသ သွားခဲ့သူများကို ပါတီမှ အရေးယူဖွယ်ရှိ Reviewed by THITHTOOLWIN on 04:33 Rating: 5
Powered by Blogger.