နေပြည်တော်တွင် ညနက်သန်းခေါင် လုယက်မှုကျုးလွန်သူလေးဦးကို အချိန်ပိုင်းအတွင်း ဖမ်းမိ


နေပြည်တော်ကောင်စီနယ်မြေတွင် ရက် ၁၀၀ စီမံချက်အရ မှုခင်းကျဆင်းရေးဆောင်ရွက်လျှက်ရှိရာ လုယက်မှုကျုးလွန်သူလေးဦးကို အချိန်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မေ ၂၅ ည ၁၁ နာရီအချိန်ခန့်တွင် ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက်၊ သစ်ထုတ်လုပ်ရေးသင်တန်းကျောင်းတွင်နေထိုင်သူ ကိုကျော်စိုးနိုင်နှင့် ကိုငယ်လေးတို့ သူငယ်ချင်းနှစ်ဦး ဥပ္ဗါတသန္တိဘုရားရှေ့ လမ်းမီးတိုင်အောက်တွင် အရက်ထိုင်သောက်နေစဉ် ဆိုင်ကယ်သုံးစီးဖြင့် လူငယ်လေးဦး ရောက်ရှိလာပြီး ဓားဖြင့်ထောက်၍ ဆိုင်ကယ်နှင့်ဖုန်းတို့အား ယူဆောင်ထွက်ပြေးသွားခဲ့သောကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြပြီး လိုက်လံဖမ်းဆီးရာ နယ်မြေ (၂) ၊ (၈) လမ်း ၊ အောင်ဇမ္ဗူရပ်ကွက်တွင် လုယက်မှုကျုးလွန်သူများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုကျုးလွန်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် သန်းဝင်းနိုင် (၂၀) နှစ်၊ ချမ်းငြိမ်း (ခ) ချမ်းငြိမ်းဇော် (၁၈) နှစ်၊ ချမ်းငြိမ်း (၁၈) နှစ်၊ ဟန်ဝင်းအောင် (ခ) အောင်ကြီး (၁၈) နှစ်တို့အား ပတ္တနယ်မြေရဲစခန်းက (ပ) ၅၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး နေပြည်တော်ကောင်စီနယ်မြေတွင် ဖြစ်ပွားခဲ့သည့် လုယက်မှုများနှင့် ဆက်စပ်မှု ရှိမရှိ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နေပြည်တော်တွင် ညနက်သန်းခေါင် လုယက်မှုကျုးလွန်သူလေးဦးကို အချိန်ပိုင်းအတွင်း ဖမ်းမိ   နေပြည်တော်တွင် ညနက်သန်းခေါင် လုယက်မှုကျုးလွန်သူလေးဦးကို အချိန်ပိုင်းအတွင်း ဖမ်းမိ Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.