“အမှိုက်ပုံ၊ ကွမ်းတံတွေးနဲ့ သေးစော်နံတဲ့ ရန်ကုန်”


☞ ''တိရစ္ဆာန်ရုံဘေး၊ ဦးထောင်ဘိုအ၀ိုင်းဘက်ကပတ်ပြီး ဒဂုံ (၁) ကျောင်းဘက်ကိုသွားတဲ့လမ်းဟာ သေးစော်တွေကို နံနေတာပဲ''

➲ “ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းအလယ်မှာလည်း ဒီလိုပဲ၊ ကြွက်တွေရော၊ မြောင်းပုပ်စော်ရော၊ သေးစော်ရော နံနေတာပဲ ကြီးကြီးရ''

☞ ''အဲဒီနေရာတွေမှာ သေးပေါက်တဲ့ အတန်းလို့ ဘယ်သူကသတ်မှတ်လိုက်သလဲ မသိပါဘူး၊ ငါတို့ငယ်ငယ်တုန်းက ဒီလိုမနံပါဘူး''

➲ ''အိမ်သာမရှိတော့ ဒီလိုပဲပေါက်ကြတာပေါ့ ကြီးကြီးရာ၊ ဒါကလည်း ညဘက်မှာ ဖြစ်ချင်တိုင်း ဖြစ်နေကြတာပါ၊ တခြားနိုင်ငံတွေမှာဆိုရင် အိမ်သာက နေရာတိုင်းမှာ သတ်သတ်မှတ်မှတ်ရှိတာ၊ ဒီမှာက အဲလိုလည်း နီးနီး နားနားဘယ်နေရာမှာမှ အများသုံးအိမ်သာရယ်လို့မှ မရှိတာ''

☞ ''လမ်းမပေါ်တွေမှာလည်း ဘတ်စ်ကားပေါ်ကနေ ကွမ်းတံတွေးတွေထွေးချ အမှိုက်တွေ၊ ပလတ်စတစ်အိတ်တွေ ပစ်ချကြတယ်၊ တက္ကစီမောင်းသူတွေလည်း ကားလမ်းမပေါ်ကို ကွမ်းတံတွေးထွေး၊ ရေသန့်ဘူးထဲကရေနဲ့ ပလုပ်ကျင်းပြီး လမ်းမပေါ် ထွေးချလိုက်တာပဲ''

➲ ''အဲဒါတွေက နေရာတိုင်းမှာ ဆိုင်းဘုတ် တွေကပ်ထားရတယ်'' ''လမ်းမပေါ်ထွက် တံတွေး မထွေးရ၊ အမှိုက်မပစ်ရ၊ ပစ်လျှင်အရေးယူမယ်'' ဆိုပြီး ကပ်ထား တကယ်လည်းတွေ့ရင် ယာဉ်ထိန်းရဲက အရေးယူ။ ဒါမှမဟုတ်ရင် ကွမ်းယာ ရောင်းတဲ့ဆိုင်တွေကိုပိတ်ပစ် ရောင်းရင်အရေးယူ''

☞ ''ပြောတော့သာ လွယ်တယ်။ စောနေ၀န်းရယ်၊ သူတို့ ကွမ်းယာမရောင်းရင် ဘာလုပ်စားကြမလဲ''

➲ ''တခြားအလုပ်လုပ်စားပေါ့၊ အများအကျိုးအတွက် ပြတ်ပြတ်သားသားအရေးယူပေါ့၊ ကွမ်းယာဟာစားတဲ့ လူအတွက် အကျိုးမရှိဘူး''

☞ ''ပြောမယ်ဆို ပြောစရာချည်းပဲ''

➲ ''ပြောမနေပါနဲ့ ကြီးကြီးရာ၊ အလကားလေကုန်တယ်''

☞ ''ဟဲ့ ပြောစရာရှိရင်တော့ ပြောရမှာပဲ၊ ဒီလိုပြောလို့ တယောက်လောက်ဆင်ဆင်ခြင်ခြင်လေးရှိသွားရင်လည်း အမြတ်ပေါ့။ ခုကျောင်း ဖွင့်ချိန်ရောက်ပြီး ရန်ကုန်မြို့ထဲကို အသွားလမ်း ပိတ်ဆို့မှုဖြစ်စေတဲ့ အဆိုးဆုံးကျောင်းက ဒဂုံ အထက(၁)ပဲ”

➲ ''ဘာဖြစ်လို့လဲ ကြီးကြီး''

☞ ''ဘာဖြစ်ရမှာလဲ၊ ကျောင်းကို ကားတယောက် တစီးနဲ့လာကြတယ်၊ ညီအစ်မနှစ်ယောက်ရှိရင် တယောက်တစီး၊ ပြီးတော့ ကျောင်းပို့ကျောင်းကြိုဆိုရင်လည်း ကားတွေအချိန်အတော် ကြာကြာကြီးရပ်ထားကြတာ၊ ကျောင်းဆင်းချိန်ကို နှစ်နာရီလောက် ကြိုပြီးကားတွေ လာပိတ်ရပ်ပြီးစောင့်ကြတာဟာ အများပြည်သူစီးတဲ့ ဘတ်စ်ကားတွေ၊ တက္ကစီတွေမောင်းစရာလမ်းမရှိ၊ အားကြီးအနှောင့်အယှက်ပေးတယ်''
''ဒီကျောင်းကို ကားတယောက်တစီးနဲ့မလာဘဲ ကျောင်းကားသာစီးရမယ်လို့ အမိန့်ထုတ်ပါ၊ ဒီကျောင်းဟာ အရင့်အရင် စစ်အာဏာရှင်အဆက်ဆက်ကတည်းက တိုင်းပြည်ရဲ့ ထိပ်တန်းသူဌေးသူကြွယ်တွေ၊ ဗိုလ်ချုပ် ဗိုလ်မှူးတွေရဲ့သားသမီးမြေးမြစ်တွေမို့ မပြောရဲဘူး။ မလိုက်နာကြဘူးဆိုရင် အများအကျိုးအတွက် ပြတ်ပြတ်သားသားလုပ်သင့်တယ်။ ကားအကောင်းစားသာစီးနိုင်မယ်ဆိုရင်လည်း ကားအကောင်းစားတွေကို ကျောင်းကားအဖြစ် ဆွဲခိုင်းလိုက်၊ ဒါမှမဟုတ် ဒီကျောင်းကို အများပြည်သူအနှောင့်အယှက်မဖြစ်အောင် မြို့ပြင်ကိုထုတ်လိုက်၊ ဒါမှမဟုတ်ရင်လည်း ဒီလမ်းကိုဘယ်ဘတ်စ်ကား၊ ဘယ်တက္ကစီမှ မမောင်းရတဲ့ လမ်းလုပ်ပစ်၊ ဒါမှ အဆင်ပြေမှာပေါ့''

➲ “ကြီးကြီး ကြည့်မရတာ ဒါပဲလား”

☞ ''အမှိုက်ကိစ္စလည်း ကျန်သေးတယ်''

➲ နေရာတကာမှာ အမှိုက်ပုံးတွေထားပေးတာ ကျေးဇူးတင်ဦး''

☞ “အမှိုက်ပုံးထားပေးတာတွေတော့ ကျေး ဇူးတင်ရမှာပါ။ ဒါပေမဲ့အမှိုက်ပစ်တဲ့လူတွေ စနစ်မကျတာ၊ စည်းကမ်းမရှိတာတော့ ပြောရမှာပဲ။ မီးဖိုချောင်သုံး စာြးွကင်းစာကျန် အမှိုက်တွေကို သတ်မှတ်ထားတဲ့အိတ်နဲ့ ထုပ်ထည့်သိမ်းဆည်း စည်းနှောင်ပြီးပစ်၊ တခြားအမှိုက်တွေကို သတ်မှတ်ထားတဲ့အိတ်နဲ့ ထုပ်ပိုး စည်းနှောင်ပြီးပစ်၊ အဲလိုမဟုတ်ဘဲ တချို့များဇလုံထဲ၊ ပန်းကန်ထဲက စားကြွင်းစားကျန်ကို ဘာအိတ်မှမပါဘဲ အမှိုက်ပုံးထဲဒီအတိုင်း သွန်ချထည့်သွားကြတယ်။ ဒါဟာအမှိုက်သိမ်းတဲ့ လူတွေကို စော်ကားတာပဲ။ ဒါမှမဟုတ် အနိုင်ကျင့်တာပဲ။ အမှိုက်သိမ်းရတာ ဘယ်လောက်အခက်အခဲရှိသလဲဆိုတာ သူတို့နားမလည်ဘူး။ တကယ်က စည်ပင်ဌာနဟာ အမှိုက်သိမ်းတဲ့လူတွေကို လစာတိုးပေး၊ လက်အိတ်တို့၊ နှာခေါင်းစည်းတို့ ပြည့်ပြည့်စုံစုံပေးပြီးမှ သိမ်းခိုင်းရမယ်။ ခုဟာက လမ်းတကာမှာ သစ်ရွက်ခြောက်တွေ၊ ပလတ်စတစ်အမှိုက်တွေ တောင်ပုံရာပုံ''

➲ “ဟဲ၊ ဟဲ ရေမြောင်းကိစ္စရော မပြောတော့ဘူးလား''

☞ ''ရေမြောင်းတွေ အမှိုက်နဲ့ပိတ်ဆို့နေတာဟာလဲ စည်ပင်မှာ တာဝန်ရှိတယ်။ အခုလို မိုးလေးတဖြိုက်နှစ်ဖြိုက်ရွာ တာနဲ့ တောင်ဥက္ကလာပ သံလမ်းဘေးကားလမ်းတွေဟာ ရေတွေဝပ်ပြီး လမ်းသွား လမ်းလာ၊ ကားသွားကားလာ တွေအတွက် အန္တရာယ်ပဲ''

➲ ''မစ,လိုက်နဲ့၊ စ,ပေးလိုက်ရင် ကြီးကြီးတို့က အဆုံးမရှိပြောတော့တာပဲ။ ဗျစ်တောက်ဗျစ်တောက်နဲ့၊ တရုတ် ကုလားကိစ္စတော့ မပြောနဲ့တော့နော် ကြီးကြီး''

☞ ''မပြောဘူး၊ မပြောဘူး၊ တရုတ်ကုလားထက် ဒီမိုကရေစီအရေး တိုင်းရင်းသားအကျိုး စီးပွားအရေး၊ ငြိမ်းချမ်းရေးက အရင်ဆုံးလုပ်ရမယ့်ကိစ္စတွေ၊ အဲဒါတွေ အဆင်ပြေမှ တရုတ်ကုလားနောက်မှလုပ်။ တောင်ကိုရီးယားတိုးတက်လာတာ၊ ခရိုနီတွေကို အသုံးချပြီး တိုင်းပြည် စီးပွားရေးတိုးတက်လာတာ၊ ဗမာပြည်မှာ စစ်အစိုးရက သူတို့အကျိုးအတွက်ပဲ ခရိုနီတွေကို မွေးထားတာကိုး၊ တိုင်းပြည်အကျိုးအတွက် မဟုတ်ဘူး။ တကယ်က ခရိုနီတွေကို တိုင်းပြည်အကျိုးအတွက် အသုံးချလို့ရအောင် လုပ်ယူရမယ်။ စည်းနဲ့ ကမ်းနဲ့ လမ်းနဲ့ ဥပဒေနဲ့ လုပ်ရမယ်''

➲ ''ကြီးကြီး မမောဘူးလား၊ ကျွန်တော် နားထောင်ရတာတောင် မောတယ်။ သွားတော့မယ်ဗျာ''

_မယ်မင်းကြီးမ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
“အမှိုက်ပုံ၊ ကွမ်းတံတွေးနဲ့ သေးစော်နံတဲ့ ရန်ကုန်”  “အမှိုက်ပုံ၊ ကွမ်းတံတွေးနဲ့ သေးစော်နံတဲ့ ရန်ကုန်” Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.