တောင်ဒဂုံတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ခုတ်သတ်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးရမိ


တောင်ဒဂုံမြို့နယ် ၊ ၁၄၀ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကို ဓားဖြင့် ခုတ်သတ်ခဲ့သူနှစ်ဦး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူထံမှသိရသည်။

‘ဖမ်းဆီးရမိထားပါပြီ။ အသေးစိတ်ကိုတော့ မပြောပါရစေနဲ့” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက The Ladie News သို့ပြောသည်။

မေလ ၂၉ ရက်နေ့ ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းမှာ စတိုးဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်နေစဉ် ရပ်ကွက်နေ ကျော်လင်းနိုင် ( ခ) ဂျပန်ကြီးနှင့် ဘိုလင်း(ခ) အောင်မြင့်ဦးတို့မှာ ဓားကိုယ်စီဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ၀ိုင်းခုတ်၍ ထွက်ပြေးသွားကြောင်း မျက်မြင်သက်သေအချို့က ပြောဆိုသည်ဟု Eleven media group ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းသို့ ဓားဖြင့်ခုတ်ခဲ့သောကြောင့် စတိုးဆိုင်ပိုင်ရှင် ဦးသောင်းထိုက်မှ ဦးဇော်ဝင်းအား မေးမြန်းခဲ့ရာည ၇ နာရီခွဲခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားစဉ် ၁၄၀ ရပ်ကွက်၊ သိန်းတစ်ရာ လမ်းမပေါ်၌ ကျော်လင်းနိုင် (ခ) ဂျပန်ကြီးပါ သုံးဦးက အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ကြိမ်းမောင်းနေသဖြင့် ၀င်ရောက် တားမြစ်ခဲ့ကြောင်း၊ ယင်းသို့တားမြစ်သည်ကို မကျေနပ်သောကြောင့် ကိုင်ဆောင်လာသည့် ဓားများဖြင့် နောက်မှ လိုက်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးသောင်းထိုက်၏ အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။

ယင်းနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ သင်္ကန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်ရာတွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

ယင်းသို့ ဓားဖြင့် အခုတ်ခံရသဖြင့် ဦးဇော်ဝင်းမှာ ဘယ်ဘက် ရင်အုံဘေး ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ၀ဲလက်ညိုး ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူများအား (ပ)၇၉၉/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂ / ၁၁၄ ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies
တောင်ဒဂုံတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ခုတ်သတ်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးရမိ  တောင်ဒဂုံတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ခုတ်သတ်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.