အောင်ဘာလေထီနောက်ကွယ်က အပေးအယူများ


မြန်မာနိုင်ငံတွင် ထီရောင်းချခြင်းလုပ်ငန်းကို သီပေါမင်းလက်ထက်ကပင် စတင်ခဲ့သည်ဆို၏။ ထီလုပ်ငန်းပေါ်လာခြင်းသည် တိုင်းပြည်စီးပွား ရေးကျဆင်းကြောင်း ပြသသည့် လက္ခဏာတရပ်ဟုလည်း ဆိုကြသည်။ သို့သော် ယခုခေတ်၌ နိုင်ငံအားလုံးနီးပါး ထီရောင်းကြပေသည်။

တချို့စင်ကာပူထီကို မြန်မာနိုင်ငံမှ လှမ်းကံစမ်းကြသည်။ အင်္ဂလန်ထီလည်း နာမည်ကြီးသည်။ မြန်မာတို့နှင့်ကာလရှည်စွာပွန်းတီး ရင်းနှီးခဲ့သည်က ထိုင်းထီ (သို့မဟုတ်) ချဲ။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းကစ၍ ချဲထီပေါ်လာသည် ထင်ပါသည်။ အတိအကျကား မမှတ်မိတော့။

အင်္ဂလိပ်လဆန်း ၁ ရက်နေ့နှင့် လ၀က်ကျော် ၁၆ ရက်နေ့ နှစ်ရက်တွင် ထိုင်းချဲထီ ထွက်သည်။ အဆပေါင်းများစွာပေးလျော်သောကြောင့် ထိုးငွေ ကျပ် ၁၀၀ အတွက်၊ လျော်ပေးငွေ ကျပ်ငါးသောင်း ဖြစ်ခြင်းကြောင့် လူတန်းစားပေါင်းစုံကစားသည့်၊ ကံစမ်းသည့် ထီဖြစ်လာပါသည်။ ချဲပေါက် နိုးနိုးထိုးကြရင်း နေ့စဉ်ဈေးအရင်းပြုတ်သူများ၊ တနေ့ရှာထားသည့် ငွေအားလုံးပါသွားသူများစသဖြင့် ထိုးသားဘက်တွင် ရှိကြသည်။ ဒိုင်ဘက်ကလည်း အကွက်ကြီးပေါက်ပါက မလျော်ဘဲ ထွက်ပြေးသူ၊ ထိုးသားကဒိုင်ကိုလိုက်သတ် စသည့် ဇာတ်လမ်းများ ရှိလာသည်။

မြန်မာထီသည် စာရေးသူငယ်စဉ်ကတစောင်နှစ်ကျပ်ဖြင့် မည်သည့်ထီဆိုင်တွင် မဆို၊ မည်သူမဆို ၀ယ်နိုင်ပါသည်။ ထိုစဉ်ကအမြင့်ဆုံး ပေးလျော်မှုက ကျပ်ငါးထောင်ဟု ထင်ပါသည်။ မြန်မာထီကျပ် တသိန်းလျော်ချိန်က ရွှေတကျပ်သားပေါက်ဈေးက နှစ်ရာပင် မပြည့်ပါ။

န၀တ၊ နအဖခေတ်ရောက်သောအခါ ထီတစောင် တရားဝင်အစိုးရ သတ်မှတ်ဈေးကျပ်နှစ်ရာဖြစ်သော်လည်း ပြင်ပတွင် မည်သည့်နေရာတွင်မှ ကျပ်နှစ်ရာနှင့် ၀ယ်မရတော့ပေ။ ထို့ပြင် ထီကိုထီအရောင်းဌာနနှင့် ချိတ်ဆက်ထားသော၊ စီးပွားရေးသမားများက ရိုးရိုးထီတစောင်ချင်းဈေး ကတမျိုး၊ အက္ခရာတူဂဏန်းကွဲ ထီ ၅ စောင်တွဲ၊ ဆယ်စောင်တွဲ ဈေးများကတမျိုးစသဖြင့် ထီစတန့်များ ပေါ်လာသည်။ ဂဏန်းတူ၊ အက္ခရာကွဲ ပေါက်လျှင် လျော်သည့်နှုန်း၊ အက္ခတူရှေ့ဂဏန်း ၃ လုံးတူ၊ ၄ လုံးတူ စသဖြင့် တူလျှင်ပေးလျော်သည့်နှုန်းက တမျိုးစသဖြင့်၊ မက်လုံးများပေးကြလျော်ကြသည်။

ထီအစ- အဆုံးတူပြီး အတွဲလိုက် (Series) အလိုက်ပေါက်လျှင် ကားအပိုဆု၊ ရေခဲသေတ္တာအပိုဆုတို့ကိုလည်း ပေးကြသည်။ ထီရောင်း ဌာနအမည်အမျိုးမျိုးက အဆိုပါ အတွဲများကိုကြော်ငြာမျိုးစုံ၊ မက်လုံးမျိုးစုံ ပေးရောင်း ကြသည်။ ပြည်တွင်းမှ ထီကိုထင်သလို မက်လုံးပေးကာ အစိုးရသတ်မှတ်ဈေးထက်ပိုရောင်းနေကြသော ထီပင်ရင်းများကို မည်သည့် ဥပဒေနှင့်မျှ အရေးယူမှုမရှိ။ သို့သော် ချဲရောင်းသူ၊ ချဲထိုးသူများကား ဥပဒေ၏ သားကောင်များ ဖြစ်လာကြသည်။ မကြာခဏ ချဲရောင်းသူ၊ ထိုးသူ အဖျားအနားများ ဖမ်းခံကြရသည်။ ထောင်ကျကြသည်။ လက်ကားချဲဒိုင်များ တကယ့်ပင်ရင်းချဲဒိုင်များ ယနေ့ထိတိုင်၊ တခါမျှ အဖမ်းမခံကြရ။

ထိုင်းနိုင်ငံထီကို ထိုင်းနိုင်ငံထဲတွင် ပေါက်စဉ်အမျိုးမျိုးဖြင့် တရားဝင် ရောင်းကြ သည်။ အစနှစ်လုံးပဲထိုးထိုး၊ အဆုံးသုံးလုံးပဲထိုးထိုး၊ အစအဆုံးပဲထိုးထိုး၊ ထိုးနိုင်သော ထိုင်းထီများကို စားပွဲခုံငယ်များပေါ်တင်လျက် လူမြင်သူမြင် တရားဝင်ရောင်းချကြသည်။

မြန်မာနိုင်ငံတွင် ချဲထီကိုနှိမ်နင်းသောအခါ ထိုင်းစတော့ ရှယ်ယာဂဏန်းများကို နှစ်လုံးထီအဖြစ် ထွင်လိုက်သည့်နှစ်လုံးက တနင်္လာနေ့မှ သောကြာနေ့ထိ တနေ့သုံးကြိမ်လောင်းသော လောင်းကစား လုပ်ငန်းဖြစ်လာသည်။ ချဲထီလည်းရှိမြဲရှိနေသည်။ ချဲထီ၊ နှစ်လုံးထီရောင်းသူ လက်ခွဲသည်များ၊ ထိုးသားများ အဖမ်းခံရစေကာမူ ယခုထိ ပင်ရင်းဒိုင်များ အဖမ်းမခံကြရ။

အောင်ဘာလေထီကို ထီပင်ရင်းထီကုန်သည်များစိတ်ကြိုက် အမျိုးမျိုးဂဏန်းတူ အက္ခရာတူစဉ်လျှင် ကြိုက်ဈေးခေါ်ရောင်းချနိုင်စေရန် အတွင်းမှထီလက်မှတ်များကို ထုတ်ရောင်းပေးသည့် ထီဌာနမှ မည်သည့်အရာရှိ မည်သည့်ဝန်ထမ်းမျှ အရေးယူမခံကြရသေးပေ။ ထို့ပြင် ကမ္ဘာ့အလုပ်သမားနေ့ကိုပင် မြန်မာထီကမရှောင်ရှားဘဲ မေ ၁ ရက်နေ့တွင်လည်း ထီထွက်သည်။

ယခုအစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနက၊ ထီငါးရာတန်များထုတ်ရန် အစီအစဉ်ရှိသည်ဆို၏။ ပေးလျော်မည့် တန်ဖိုးက ကျပ်သိန်းပေါင်း (၁၀၀၀၀) ဆို၏။ နှစ်ရာကျပ်တန်ထီကို မြန်မာနိုင်ငံတလွှားမည့်သည့်ဆိုင်တွင်မှ ကျပ် ၂၀၀ ဖြင့်ဝယ်မရစေရန် စီမံခန့်ခွဲနေသူများ ကျပ်ငါးရာတန်ထီလက်မှတ်အပေါ် မည်သို့လုပ်ကိုင်စားသောက်ကြဦးမည် မသိပေ။

အစိုးရသစ်အနေဖြင့် ထီလက်မှတ်များကို တရားဝင်သတ်မှတ်ဈေးဖြင့် ဦးနုအစိုးရ၊ ဦးနေ၀င်းအစိုးရလက်ထက်ကဲ့သို့ဖြစ်စေရန် ဦးစွာထီအရောင်းဌာနနှင့် ထီပင်ရင်းကုန်သည်ကြီးများ၏ ဆက်စပ် နှောင်ဖွဲ့မှုကို ဦးစွာဖြေရှင်းသင့်ပါသည်။ မေလ ၁ ရက်နေ့ထီဖွင့်ခြင်းကိုလည်း ရှောင်ခိုင်းသင့်ပါသည်။ ထိုသို့ထီအပေါ်မှီ၍ မသမာနည်းဖြင့် စီးပွားရှာနေသူများကို ဖယ်ရှင်းပြီးမှသာ ၅၀၀ ကျပ် တန်ထီထုတ်ရောင်းသင့်ကြောင်း အကြံပြုရပါသည်။

အဖွဲ့ဝင်အယ်ဒီတာတဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အောင်ဘာလေထီနောက်ကွယ်က အပေးအယူများ  အောင်ဘာလေထီနောက်ကွယ်က အပေးအယူများ Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.