ယခင်အစိုးရလက်ထက် မရောင်ရာဆီလူးခဲ့သည့် ရန်ကုန်မြို့ရှိ ကွန်ကရစ်တုံးများကို အစိုးရသစ်က ဖယ်ရှားတော့မည်


ယခင်အစိုးရလက်ထက်ချထားခဲ့သည့် ရန်ကုန်မြို့ကားလမ်းပေါ်ရှိ ကွန်ကရစ်တုံးများကို အစိုးရသစ်က ဖယ်ရှား တော့မည်ဖြစ်ကြောင်း မေလ ၂၆ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထ)နေ့၌ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ယင်းအစည်းအဝေးတွင် လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ်ဦးကျော်မင်းဟန်က ကွန်ကရစ်တုံးများချထားသော်လည်း ယာဉ်မောင်းများနှင့် ယာဉ်လိုင်းအချို့သည် စည်းကမ်းဥပဒေကို မလိုက်နာ ဘဲ စည်းကမ်းဖောက်ဖျက်၍ လုပ်ဆောင်နေသည်ကို တွေ့ရှိရသောကြောင့် ကွန်ကရစ်တုံးများ ဖယ်ရှားပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းကို ၀န်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''မေ ၁၉ ရက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ကွန်ကရစ်တုံးတွေကို စတင်ပြီး စမ်းသပ် ဖယ်ရှားနေပါပြီ။ ဒီလို ကွန်ကရစ်တုံးတွေဖယ်ရှားတဲ့နေရာမှာတော့ အချိန်ယူရမှာဖြစ်ပါတယ်။ အခု လောလောဆယ်မှာ ယာဉ်ထိန်းရဲ၊ မြို့တော်စည်ပင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်ပြီးတော့ စတင် ဆောင်ရွက်နေပါပြီ။ အဲဒီကွန်ကရစ်တုံးတွေနေရာမှာ အစားထိုးဖို့ကတော့ နောက်ပိုင်းအစီအစဉ်ရှိပါတယ်'' ဟု ၎င်းက ပြောသည်။

အနော်ရထာလမ်းနှင့် ဗန္ဓုလတလျှောက်တွင် ကွန်ကရစ်တုံးများကို စတင်ဖယ်ရှားနေပြီး အဆိုပါလမ်းနေရာများ ပြီးစီးပါက ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတို့တွင် ဆက်လက်ဖယ်ရှားမည်ဖြစ်ကြောင်း၊ သို့သော် လိုအပ် သည့်နေရာများတွင် ကွန်ကရစ်တုံးများ ချန်ထားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

ယင်းအပြင် ဦးကျော်မင်းဟန်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများ၏ သွားလာရေးအခက်အခဲများ အဆင်ပြေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အစိုးရပိုင်/ အများပိုင်ယာဉ်လိုင်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ မေးခွန်းနှင့်ပတ်သက်ပြီး ''အစိုးရပိုင်/ အများပိုင်ယာဉ်လိုင်းများ ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါတယ်။ လက်ရှိ ၂၀၁၆ ခုနှစ် မေ ၇ ရက်မှာ စမ်းသပ်ပြေးဆွဲနေတဲ့ BRT ယာဉ်လိုင်း ၄၅ စီး ပြေးဆွဲနေပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ နောက်ထပ် အစီး ၂၀ ထပ်တိုးမှာဖြစ်ပါတယ်''ဟု ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ယခင်အစိုးရလက်ထက် မရောင်ရာဆီလူးခဲ့သည့် ရန်ကုန်မြို့ရှိ ကွန်ကရစ်တုံးများကို အစိုးရသစ်က ဖယ်ရှားတော့မည်  ယခင်အစိုးရလက်ထက် မရောင်ရာဆီလူးခဲ့သည့် ရန်ကုန်မြို့ရှိ ကွန်ကရစ်တုံးများကို အစိုးရသစ်က ဖယ်ရှားတော့မည် Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.