မန္တလေး ခုတင် ၅၅ဝ ကလေးဆေးရုံ၌ ဆီးခုံချင်းဆက်အမြွှာ ခွဲစိတ်ရန် အကူအညီများလိုအပ်နေ


မန္တလေး ဧပြီ ၃ဝ

မန္တလေးမြို့ ခုတင် ၅၅ဝ ကလေးဆေးရုံ ကြီး၌ မုံရွာမြို့နယ် ညောင်ပင်သာရွာမှ ရောက်ရှိကုသမှုခံယူနေသော သုံးလသား အရွယ်ရှိ ဆီးခုံချင်းဆက်အမြွှာ ကလေး ငယ်နှစ်ဦးအား ပြုစုစောင့်ရှောက်ထားပြီး ကလေးငယ်အတွက် အကူအညီများ လိုအပ်နေကြောင်း ယင်းဆေးရုံကြီးမှ သိရသည်။
''ကျွန်တော်တို့ ဆေးရုံကနေ ကလေးတွေအတွက် နို့မှုန့်နဲ့ တခြား လိုအပ်တာတွေ ထောက်ပံ့နေပေမယ့် စေတနာရှင်တွေရဲ့ ကူညီမှုတွေလည်း လိုပါတယ်။ မုံရွာဆေးရုံမှာ မွေးဖွားပြီး ရောက်လာတာပါ။ ဆက်လက်ပြီးတော့ ခွဲစိတ်မှုတွေ ဆက်လုပ်ရဦးမယ်''”ဟု ခုတင် ၅၅ဝ ကလေးဆေးရုံအုပ်ကြီး ဒေါက်တာ သက်ဆွေက ပြောသည်။

ဆီးခုံချင်းဆက် ကလေးငယ်မိဘ များမှာ အသက် ၃ဝ ဝန်းကျင်အရွယ်များ ဖြစ်၍ ဗောဓိတစ်ထောင်ဘုရား အရှေ့ ဘက် ညောင်ပင်သာရွာမှ တောင်သူ လုပ်ကိုင်သူများဖြစ်ကြောင်း၊ မုံရွာဆေးရုံ ၌ ယခုနှစ် ဇန်နဝါရီ ၁၃ ရက် နံနက် ၁ဝ နာရီက မွေးဖွားခဲ့ပြီး ခုတင် ၅၅ဝ ကလေးဆေးရုံကြီး(မန္တလေး)သို့ ဇန်နဝါရီ ၁၆ ရက်တွင် ရောက်ရှိကုသမှုခံယူနေ ကြောင်း သိရသည်။
''ဆေးရုံမှာ မိဘနှစ်ပါးစလုံး လာနေ ရလို့ စီးပွားရေးလုပ်နိုင်မှာမဟုတ်ဘူး။ သူတို့မှာ အရင်မွေးထားပြီး ကလေး နှစ်ယောက်ကိုလည်း မိဘတွေဆီ ပို့ထား ရတယ်။ အခုမွေးတဲ့ ကလေးနှစ်ယောက် စလုံး ကျန်းမာတယ်။ ဒီရက်ပိုင်းတွေမှာ လိုအပ်တာတွေနဲ့ တစ်ဦးချင်းစီဖြစ်သွား အောင် ခွဲစိတ်ဖို့ ငွေကြေးအလှူရှင်တွေ လိုပါတယ်'' ဟု ဆက်လက်ပြောပြသည်။

အဆိုပါ ကလေးငယ်နှစ်ဦးသည် လက်ရှိတွင် ကျန်းမာရေးကောင်းမွန်ကာ ကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပြီး နှစ်ဦးပေါင်း၍ တစ်နေရာတည်း မှ ဝမ်းများသွားနေခြင်းကို တစ်ဦးစီသွား နိုင်ရန် ကလေးဆေးရုံကြီးက အူမှတစ်ဆင့် စွန့်ထုတ်နိုင်ရန် လမ်းကြောင်းပေးခွဲစိတ် ထားရကြောင်း သိရသည်။

ခုတင် ၅၅ဝ ကလေးဆေးရုံကြီး၌ ၎င်းကလေးငယ်များကို သီးသန့် အခန်းတွင် ပြုစုစောင့်ရှောက်ပေးနေရာ ဧပြီ ၂၇ ရက်တွင် အလှူရှင်တစ်ဦးက ငွေကျပ် တစ်သိန်းလှူဒါန်းခဲ့ပြီး လိုအပ် ချက်များရှိနေသေးသဖြင့် အလှူရှင်များ အထောက်အပံ့ လိုအပ်နေကြောင်း သိရသည်။

အောင်သန့်ခိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မန္တလေး ခုတင် ၅၅ဝ ကလေးဆေးရုံ၌ ဆီးခုံချင်းဆက်အမြွှာ ခွဲစိတ်ရန် အကူအညီများလိုအပ်နေ  မန္တလေး ခုတင် ၅၅ဝ ကလေးဆေးရုံ၌ ဆီးခုံချင်းဆက်အမြွှာ ခွဲစိတ်ရန် အကူအညီများလိုအပ်နေ Reviewed by THITHTOOLWIN on 08:02 Rating: 5
Powered by Blogger.