ပြည်သူများ အပန်းဖြေနိုင်ရန် ကျုံးတောင်ဘက်ခြမ်းတွင် အခမဲ့ဥယျဉ်တစ်ခု တည်ဆောက်မည်


မန္တလေး ဧပြီ ၂၄

မန္တလေးမြို့လယ်ဖြစ်သော ကျုံး မြို့ရိုးတောင်ဘက်ခြမ်း မြို့ရိုးနှင့် ကျုံးအကြားတွင် အများပြည်သူ အနားယူအပန်းဖြေနိုင်စေရန်အတွက် အခမဲ့ဥယျာဉ်တစ်ခု တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

''မြို့လယ်ကောင်မှာ ပြည်သူ တွေ အပန်းဖြေအနားယူဖို့ ဥယျာဉ် မရှိသေးလို့ နိုင်ငံတကာအဆင့်မီ အောင် တည်ဆောက်ဖို့ အစီအစဉ် ရှိတယ်။ နန်းမြို့ရိုး၊ ကျုံးအလှနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ကို မထိခိုက်စေဘဲ ပြည်သူတွေ အပန်းဖြေဖို့နဲ့ အားကစားလေ့ကျင့် ဖို့လုပ်ပေးမှာပါ။ ရက် ၁ဝဝ စီမံချက် ထဲမှာပါဝင်တဲ့အတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ဥယျာဉ်ထဲတွင် အပင်ကြီးများ ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ အလှမြက်ခင်းများ စိုက်ပျိုးခြင်းဖြင့် အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဥယျာဉ်ထဲတွင် မိုးလွတ် ရေလွတ် အပန်းဖြေနိုင်မည့် အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး သစ်ပင်၊ ပန်းပင်များလှူဒါန်းမည့်သူ များလည်းရှိကြောင်း သိရသည်။

''မြို့တော်နေ ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်အောင်၊ ညနေ ပိုင်းမှာလည်း အပန်းဖြေနိုင်အောင် အချိန်ကန့်သတ်ပြီး ဖွင့်ပေးမယ်။ ဥယျာဉ်ပိတ်ချိန်ကတော့ နွေနဲ့ဆောင်း အချိန်ကွာခြားမှုရှိနိုင်တယ်။ ဥယျာဉ်နဲ့ သင့်တော်မယ့် ပန်းပင်၊ သစ်ပင်တွေ စိုက်မယ်။ သစ်ပင်အကြီးတွေဆိုရင် အပင်လိုက် ရွှေ့ပြောင်း စိုက်လို့ရ တယ်'' ဟု မြို့တော်ဝန်က ဆက်လက် ပြောသည်။

ဥယျာဉ် တည်ဆောက်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဆင့် နိုင်ငံတော်သို့တင်ပြကာ သက်ဆိုင်ရာတို့နှင့် ညှိနှိုင်း၍ အများ ပြည်သူ အနားယူနိုင်သည့် ဥယျာဉ် တစ်ခု တည်ဆောက် သွားမည်ဖြစ် ကြောင်းသိရ ပြီး ပြင်ပအလှူရှင်၊ လုပ်ငန်းရှင်များနှင့် မြို့တော်စည်ပင် သာယာရေးတို့ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

''ဒေသမျိုးရင်းသစ်ပင်နဲ့ အရိပ်က သစ်ပင်ကြီးတွေ၊ ပန်းစင်တွေ၊ ရေကန် ငယ်နဲ့မြက်ခင်းတွေ၊ ရေကြည်၊ ရေရှင် ချောင်းလေးတွေထားပေးပါ။ ကလေး တွေအတွက် သစ်ပင်နဲ့ သဘာဝ ရေမြေကို ထိတွေ့ချစ်ခင်တတ်ပါစေ။ ဥယျာဉ်ထဲမှာ မန္တလေးနဲ့ သက်ဆိုင် တဲ့၊ နိုင်ငံရေး၊ အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု အနုသုခုမ အကျော်အမော် တွေရဲ့ ပုံတူပန်းပုနဲ့ အတ္ထုပ္ပတ္တိတွေ ထားရှိပြီး အနုပညာပြပွဲများ ခင်းကျင်းပြ သနိုင် သည့် နေရာတွေ ပါဝင်သင့်တယ်'' ဟု စာရေးဆရာ ဆူးငှက်က ပြောသည်။

၁၉၅၈ ခုနှစ် ဝန်းကျင်က မန်းသီတာဥယျာဉ်ဟု ကျုံးတောင် ဘက် မြို့ရိုးနှင့်ကျုံးအကြား တည် ဆောက်ခဲ့ရာ ဥယျာဉ်အတွင်း စိုက်ထူထား သည့် ကျောက်စာအရ အောင်မာဃ စစ်ဆင်ရေးဆင်နွှဲ ရာတွင် ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲကာလကတည်း က ကျော်ကြားခဲ့သောဗိုလ်အာဠာဝက ကိုဖမ်းဆီးနိုင်သည့်အတွက် အနောက် မြောက်တိုင်းစစ်ဌာနချုပ်သို့ ချီးမြှင့် သည့်ဆုငွေများဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြည်သူများ အပန်းဖြေနိုင်ရန် ကျုံးတောင်ဘက်ခြမ်းတွင် အခမဲ့ဥယျဉ်တစ်ခု တည်ဆောက်မည်  ပြည်သူများ အပန်းဖြေနိုင်ရန် ကျုံးတောင်ဘက်ခြမ်းတွင် အခမဲ့ဥယျဉ်တစ်ခု တည်ဆောက်မည် Reviewed by THITHTOOLWIN on 06:26 Rating: 5
Powered by Blogger.