မင်္ဂလာတောင်ညွန့်မြို့နယ် ကန်/တောင်ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား


ရန်ကုန် ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ကန်/တောင်ရပ်ကွက်၌ ဧပြီ ၂၄ ရက် ညပိုင်းကမီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ကန်/တောင်ရပ်ကွက် သိမ်ဖြူလမ်း ရွှေပြည်စိုး စားသောက်ဆိုင်ဘေးရှိ ပီတိဆေးခန်းမှ စတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ် တပ်ဖွဲ့ဝင်များ ဝင်ရောက်ငြှိမ်းသတ်ခဲ့မှုကြောင့် ည ၇ နာရီတွင် မီးထိန်းနိုင်ခဲ့ကာ ည ၇ နာရီ ၁၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးသတ်ယာဉ်ထွက်ခွာ ငြှိမ်းသတ်မှု Level 3 အဆင့်ရှိခဲ့ပြီး မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ မီးသတ်တပ် ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် ၃၈ စီး၊ ရေသယ်ယာဉ် ကိုးစီး၊ ကွပ်ကဲမှုယာဉ် ကိုးစီး၊ အထောက်အကူပြုယာဉ် နှစ်စီး၊ မီးသတ်စက်ယာဉ် တစ်စီးနှင့် မိတ်ဖက်ယာဉ် တစ်စီးတို့မှ ရောက်ရှိငြှိမ်းသတ်ခဲ့ကြပြီး ကြက်ခြေနီအရေးပေါ် ယာဉ် ၁၅ စီးမှလည်း ရောက်ရှိကူညီခဲ့ကြကြောင်း သိရသည်။

မီးလောင်ရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လာရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး အကူတပ်ခွဲမှ တပ်ဖွဲ့ဝင်များနှင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မီးလောင်ရာနေရာနှင့် ပတ်ဝန်းကျင်အား လုံခြုံရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါက "စားသောက်ဆိုင်နဲ့ ကပ်လျက်ဖြစ် တဲ့ ဆေးဆိုင်ရဲ့အပေါ်ထပ် ကမီးစလောင်တာပါ။ ဘေးပတ်ဝန်းကျင်ကို မီးမကူးစက်စေရေးအတွက် မီးသတ်ယာဉ်များနဲ့ ညှပ်ကာထားတဲ့ အချိန်မှာပဲ Designer Water ဘက်ကတော့ မီးလွတ်သွားပြီး ညာဘက်ခြမ်းကဖြစ်တဲ့ ရှစ်ထပ်တိုက်က ဒုတိယထပ်နဲ့ တတိယထပ်ကတော့ အတွင်းခန်းက ပစ္စည်းတွေ မီးလောင် သွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ဖြစ်ချင်းတော့ ဆေးခန်း က ဆေးပစ္စည်းနဲ့ စာသောက်ဆိုင်ကအချို့ပစ္စည်းတွေကို သူတို့ကိုယ်တိုင် အချိန်မီဆွဲထုတ်နိုင်ခဲ့ကြပါတယ်။

ပစ္စည်းနည်းနည်းပါးပါးလောက်ပဲ ပါသွားတာပါ။ စလောင်တဲ့ ဆေးခန်းဘက် က အဖွဲ့တွေကို ဖုန်းဆက်တာ ဖုန်းပိတ်ထားပါတယ်။ ခုချိန်ထိ ခေါ်လို့ရှာလို့ မရသေးတော့ မီးလောင်ရတဲ့ အကြောင်းအရင်းကို စုံစမ်းဆဲပါ။ မီးလောင် ဒဏ်သင့်ခဲ့တဲ့ ရှစ်ထပ်တိုက်က ဒုတိယထပ်နဲ့တတိယထပ်က သူတွေအတွက် လည်း အမက(၃) မင်္ဂလာတောင်ညွန့် မြို့နယ်ကျောင်းမှာ နေထိုင် အဆင်ပြေစေရေး အတွက် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တိုင်ပင်ပြီး စီစဉ်ထားပြီး ပါပြီ"ဟု ဆိုသည်။

မီးလောင်မှုကြောင့် အဆောက်အအုံတန်ဖိုးနှင့် အတွင်းပစ္စည်း စုစုပေါင်းငွေ ကျပ် ၁၄၆ သိန်းဆုံးရှုံးခဲ့ရပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအား စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

သတင်း-စိုးဝင်း(MLA)
ဓာတ်ပုံ-ဌေးအောင်(ကြေးမုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မင်္ဂလာတောင်ညွန့်မြို့နယ် ကန်/တောင်ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား  မင်္ဂလာတောင်ညွန့်မြို့နယ် ကန်/တောင်ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 06:10 Rating: 5
Powered by Blogger.