မော်တော်ယာဉ် အရောင်းစင်တာ ၄၇ ခုကို စည်းကမ်းပျက်ကွက်သည့် ကုမ္ပဏီအဖြစ် စာရင်းထုတ်ပြန်


ရန်ကုန် မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွင့်လှစ်ထားသော မော်တော်ယာဉ် အရောင်းစင်တာများ အနက် ၄၇ ခုကိုအရောင်းစင်တာ စည်းကမ်း သတ်မှတ်ချက်များနှင့် မညီညွတ်သဖြင့် စည်းကမ်းလိုက်နာမှု ပျက်ကွက်သည့် ကုမ္ပဏီများအဖြစ် စာရင်းထုတ်ပြန်လိုက်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''ကားအရောင်းစင်တာတွေနဲ့ အရောင်းပြခန်းတွေကို စည်းကမ်းချက်တွေနဲ့ ညီ၊ မညီ လိုက်စစ်ဆေးတော့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေကို တွေ့ရတယ်။ စည်းကမ်းပျက်ကွက်တဲ့ ကုမ္ပဏီစာရင်းတွေကိုလည်း ကြေညာထားပါတယ်။ ဒီလိုစည်းကမ်း ပျက်ကွက်တဲ့ ကုမ္ပဏီတွေအနေနဲ့ ရက်ပေါင်း ၃ဝ အတွင်းမှာ အမြန်ဆုံးလာပြီး စာရင်းရှင်းပေးဖို့လိုပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါကုမ္ပဏီများသည် ရက်ပေါင်း၃ဝ အတွင်းတင်သွင်းသည့် မော်တော်ယာဉ် မှတ်ပုံတင်ခြင်းကိစ္စများ၊ အကောက်ခွန် ကိစ္စများနှင့် ပြည်တွင်းအခွန် ကိစ္စရပ်များကို ကော်မတီသို့ ရှင်းလင်းတင်ပြရမည် ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်တင်သွင်းခြင်း ဆိုင်ရာ စည်းကမ်းချက်များကို သတ်မှတ်ထုတ်ပြန်ခဲ့ပြီး လိုက်နာရန်ပျက်ကွက်သည့် ကုမ္ပဏီ များအား တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းစည်းကမ်း ပျက်ကွက်ခဲ့သည့် ကုမ္ပဏီများ၏ အမည်စာရင်းကို မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းကြီးကြပ်ရေး ကော်မတီရုံး၌ ကြေညာထားကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မော်တော်ယာဉ် အရောင်းစင်တာ ၄၇ ခုကို စည်းကမ်းပျက်ကွက်သည့် ကုမ္ပဏီအဖြစ် စာရင်းထုတ်ပြန်  မော်တော်ယာဉ် အရောင်းစင်တာ ၄၇ ခုကို စည်းကမ်းပျက်ကွက်သည့် ကုမ္ပဏီအဖြစ် စာရင်းထုတ်ပြန် Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.