ပုထိုးတော်ကြီး ဘုရားပွဲတော်တွင် မြန်မာ့ရိုးရာ နွားအလှနှင့် နွားလှည်းဒုံးစီးပြိုင်ပွဲ ပြုလုပ်


မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်၊ ပုထိုးတော်ကြီး ဘုရားပွဲတော်၌ မြန်မာရိုးရာနွားပြိုင်ပွဲကို ဧပြီ ၁ မှ ၈ ထိ တောင်သမန်အင်းဘေးတွင် ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ လာရောက်ယှဉ်ပြိုင်သူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

ပြိုင်ပွဲသို့ မန္တလေး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီးတို့မှလည်း လာရောက် ယှဉ်ပြိုင်ကြပြီး ၀ါသနာနှင့်သာမက ဈေးကောင်းရရှိခြင်း တို့ကြောင့် နွားပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်လေ့ရှိသည်ဟု ဆိုသည်။


ပြိုင်ပွဲတွင် ဒုံး (နွားလှည်းဒုံးစီး) ပြိုင်ပွဲနှင့် နွားအလှ (အကြော့) ပြိုင်ပွဲတို့ဖြစ်၍ ဒုံးပြိုင်ပွဲတွင် မိမိပြေးလမ်းအတိုင်း ပန်းတိုင်သို့ ဦးဆုံးရောက်ရှိသူကို အနိုင်ပေးကြောင်း၊ နွားအလှပြိုင်ပွဲတွင် ပန်းတိုင်သို့ ဦးစွာရောက်ရှိခြင်းက အဓိကမဟုတ်ဘဲ နွား၏ ပြေးလမ်းတလျောက် ပုံမှန်ခြေလှမ်းအတိုင်း ပြောင်းလဲမှုမရှိရန်လိုပြီး ခြေလှမ်းများ မူမမှန်တော့လျှင် အမှတ်လျှော့ကြောင်း သိရသည်။

"အလှနွား (အကြော့) ပြိုင်တဲ့အခါမှာ ရှေ့ရောက်တိုင်းအနိုင်မရဘူး။ ခြေဖေါက်ပြီး ရှေ့ဆုံးရောက်ရင် အရှုံးပါ။ ခြေမဖေါက်ဘဲ နောက်ရောက်နေရင်တောင် နိုင်တယ်။ ခြေမဖေါက်ဖို့ အဓိကပဲ"ဟု ဒိုင်လုပ်သက် အနှစ် ၂၀ ရှိသူ ကျောက်ဆည်နယ်မှ ကိုသန်းမြင့်က ပြောသည်။


ဆုရသောနွားများ၏ တန်ဖိုးသည် နှစ်ဆခန့်မြင့်တက် သွားခြင်း အပြင် ပြိုင်ပွဲသို့ အနယ်နယ်မှ လာရောက်ကာ အလားအလာရှိသော နွားများကို ဈေးကောင်းပေး ၀ယ်ယူကြခြင်းကြောင့် လာရောက်ယှဉ်ပြိုင်သူများပြားသည်ဟု ဆိုသည်။

"အရင်တစ်နှစ်ကျော်က ဒီပြိုင်ပွဲမှာ ဆုရခဲ့လို့ ၁၄သိန်းပေးခဲ့ရတဲ့ နွားကို အောက် ပြည်ဘက်က၂၅ သိန်းနဲ့ လာဝယ်လို့ ရောင်းလိုက်တယ်”ဟု ပြိုင်ပွဲဝင်နွားပိုင်ရှင် ကိုလှအောင်က ပြောသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပုထိုးတော်ကြီး ဘုရားပွဲတော်တွင် မြန်မာ့ရိုးရာ နွားအလှနှင့် နွားလှည်းဒုံးစီးပြိုင်ပွဲ ပြုလုပ်  ပုထိုးတော်ကြီး ဘုရားပွဲတော်တွင် မြန်မာ့ရိုးရာ နွားအလှနှင့် နွားလှည်းဒုံးစီးပြိုင်ပွဲ ပြုလုပ် Reviewed by THITHTOOLWIN on 10:35 Rating: 5
Powered by Blogger.