ကျောင်းသားခေါင်းဆောင်များ အမှုထပ်တိုးပြန်ပြီ


ရန်ကုန် ဧပြီ ၁

အစိုးရသစ် တာဝန်စတင်ထမ်းဆောင်သည့်နေ့တွင် ဗ.က.သ ကျောင်းသား ခေါင်းဆောင်လေးဦးကို ၂ဝ၁၅ ခု မတ် ၂၇ ရက်က ပြုလုပ်သည့်ဆန္ဒပြမှုဖြင့် တရားစွဲဆိုရုံးထုတ်ခဲ့သည်။

အမှုထပ်မံဖွင့်ဆိုခံရသူ ကိုနန္ဒာစစ်အောင်က ''ကျွန်တော့်မှာ ရုံးချိန်းထွက် ရင် ဘယ်အမှုအတွက်ထွက်တာလဲ၊ တရားရုံးတစ်ရုံးထဲမှာတောင် စစ်မယ်လို့ ခေါ်ရင် ဘယ်အမှုအတွက်စစ်မှာလဲ မသိတော့လောက်အောင်ကို အမှုတွေ က များပြားလွန်းတယ်'' ဟုဆိုသည်။

ဗ.က.သကျောင်းသားခေါင်းဆောင်ဖြစ်သူ ၄င်းသည် လက်ရှိအချိန် တွင် အမှုပေါင်း ၈ဝ ကျော်ဖြင့် တရားစွဲခံထားရသူဖြစ်သည်။ အမှုအများစု မှာ ပုဒ်မ(၁၈)နှင့် ၅ဝ၅(ခ)တို့ ဖြစ်ကြသည်။ ယခင်အမှုဟောင်းကို တရားစွဲဆို ခြင်းဖြစ်သောကြောင့် အစိုးရသစ်၏ လုပ်ဆောင်မှုမဟုတ်သော်လည်း တာဝန် စတင်သည့်နေ့တွင် ဦးဦးဖျားဖျားတရားစွဲခံရခြင်းကြောင့် အံ့သြမိသည်ဟု ဆိုသည်။

တရားစွဲဆိုထားသည့် အကြောင်းကို ပန်းဘဲတန်းတရားရုံးသို့ ဧပြီ ၁ ရက် က ရုံးချိန်းထွက်လာသော ဗ.က.သ ကျောင်းသား၊ ဗ.က.သ များအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုထံသို့ ပန်းဘဲတန်းရဲစခန်းမှ တာဝန်ရှိသူရောက်ရှိလာပြီး ၂ဝ၁၅ ခုနှစ် မတ် ၂၇ ရက် သိမ်ကြီးဈေးလှုပ်ရှားမှုနှင့်စပ်လျဉ်းပြီး ပုဒ်မ(၁၈)ဖြင့် ဗကသလေးဦးအား တရားစွဲဆို ထားကြောင်း လာရောက်အကြောင်းကြား၍ စစ်ချက်လာယူကြောင်း ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောကြားသည်။

တရားစွဲဆိုခံရသော ဗကသ လေးဦးမှာ ကိုကျော်ကိုကို၊ ကိုရှိန်းရာဇာထွန်း၊ ကိုနန္ဒာစစ်အောင်၊ ကိုအောင်ထက်အောင်တို့ဖြစ်သည်။ အစိုးရသစ် စတင်တာဝန်ထမ်းဆောင်သော ဧပြီ ၁ ရက်တွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်နိုင်သည်ဟု မျှော်လင့်မှုများလည်းရှိခဲ့ကြသည်။

ဆိုင်ယန်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောင်းသားခေါင်းဆောင်များ အမှုထပ်တိုးပြန်ပြီ  ကျောင်းသားခေါင်းဆောင်များ အမှုထပ်တိုးပြန်ပြီ Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.