သူမနဲ့ ဘယ်လောက်ဝေးဝေး နီးနီးလေး ပါပဲ


၂၈၊၃၊၂၀၁၆ ရက်နေ့
ပြည်ထောင်စုလွှတ်တော် ၊ ဇမ္ဗူသီရိ ခန်းမဆောင် ထဲကို
နံနက်၁၁:၃၀ အချိန်မှာ
ပြုံးရွင်ချိုသာတဲ့ အပြုံးလေးတွေနဲ့အတူ အဖွဲ့ချုပ်ခေါင်းဆောင်ရောက်ရှိလာတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌနဲ့ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်များ တွေ့ ဆုံခြင်း အခမ်းအနားလို့ သတ်မှတ်တဲ့ အဲဒီပွဲကို အစီအစဉ်(၄)ရပ်နဲ့  ကျင်းပခဲ့ပါတယ်။

ပထမဆုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌက မကြာခင်အစိုးရအဖွဲ့တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် ဒီနေရာမှာ ဒီလိုတွေ့  ဆုံခြင်းဟာ နောက်ဆုံးပါတဲ့။ ပထမဆုံးအကြိမ် ရင်ထဲဟာသွားခြင်းပေါ့။

တရားဥပဒေကို အင်မတန်မှလေးစားလိုက်နာတတ်တဲ့ ကျမတို့ခေါင်းဆောင်ဟာ ပြောတဲ့အတိုင်းလုပ်တော့မှာပါ။ ပြည်သူအားလုံးကိုကိုယ်စားပြုမယ့် သူမအတွက်ပါတီဝင်ကိုယ်စားလှယ်တွေ နဲ့ ခုလိုတွေ့ ဆုံပွဲတွေ ကိုသူ အချိန်ပေးမှာမဟုတ်တော့ပါဘူး။

ပြည်ထောင်စုလွှတ်တော်မှာရှိနေတဲ့ (၄၀၀)ကျော်သော ကိုယ်စားလှယ်တွေကိုရော ပြည်နယ်၊တိုင်း အသီးသီးက လွှတ်တော်တွေမှာရှိနေတဲ့ (၈၀၀) ကျော်သော ကိုယ်စားလှယ်တွေအတွက်ပါ ခေါင်းဆောင်ပြောကြားခဲ့တဲ့ အမှာစကားက
အဂတိတရား(၄)ပါး ကင်းရှင်းဖို့ပါ။
ဆန္ဒာ
လောဘ
ဘယာ
မောဟ
ဆိုတဲ့ အဂတိတရားတွေ ကိုကြံ့ကြံ့ခံဖို့၊
ဒီလိုပြောတဲ့နေရာမှာ လာဘ်ပေးလာဘ်ယူ မှူတစ်မျိုးတည်း သာမဟုတ်ဘဲ မတော်မတရား ဖြစ်မှန်း သိသိနဲ့  မလုပ်သင့်တဲ့အလုပ်ကိုလုပ်ခြင်း၊ လုပ်သင့်တဲ့အလုပ်ကို မလုပ်ခြင်း တို့ဟာလည်း အဂတိတရား ထဲမှာအကျုံးဝင်တဲ့ အကြောင်း။
ဘယာ လို့ခေါ်တဲ့ကြောက်ရွံ့ ခြင်း ဆိုတာကိုတော့ အဖွဲ့ချုပ်ကလူတွေက မမှူဘဲ ရင်ဆိုင်ကျော်လွှားခဲ့ကြပြီးဖြစ်လို့ အထူးမပြောလို ဘူးတဲ့။

ဆင်းရဲဒဏ်တွေကိုရင်ဆိုင်ခဲ့ ပြီးတဲ့နောက် ချမ်းသာဒဏ်ကို ခံရမယ့် အချိန်မှာအဲဒီအဂတိတရားကို ကြံ့ကြံ့ခံဖို့ အထူးအရေးကြီးတဲ့အချိန်ပါတဲ့။

ဆင်းရဲဒဏ်ခံနိုင်တယ်ဆိုတာ ကြောက်နေရဲ့နဲ့  လုပ်သင့်တာကို အဆင်းရဲခံပြီးလုပ်သွားတာ ။

အခုချမ်းသာဒဏ်ခံနိုင်တယ်ဆိုတာ ကိုယ်ရသင့်တဲ့ အခွင့်အရေးကိုတောင်မယူတာ။(ကျမတို့လစာတွေ အကုန်မယူတာလည်းပါမယ် ထင်ရဲ့ နော်)

ချမ်းသာဒဏ်မခံနိုင်ဘူးဆိုတာ ကိုယ်ရထားတဲ့နေရာကို သာယာတာကနေစတယ်။ အဲဒီတော့ကိုယ့်ဘာသာစဉ်းစား သာယာနေတာလား တာဝန်ထမ်းဆောင်နေတာလား။ ဒီတာဝန်ဆိုတာ အင်မတန်ခက်ခဲတဲ့ဝန်ထုပ်ဝန်ပိုးကြီးပါ။ သာယာနေဖို့နေနေသာသာ အရမ်းကိုပင်ပန်းတာပါ။ ဒါကိုမှသာယာနေပြီဆိုရင်တော့ အလုပ်မလုပ်တဲ့ သူပဲဖြစ်မှာပါ။

ပိုပြီးကောင်းတဲ့အခွင့်အရေးကို တောင်းဆိုတာကိုလည်း ရှက်တတ်ရမယ်။ ကိုယ်ပိုပြီးသက်သာအောင်လုပ်တာ ရှက်ရမယ်။
ပြည်သူတွေသိပ်ဆင်းရဲ နေချိန်မှာ ပိုကောင်းတဲ့နေရာကို အခွင့်အရေးကို ရချင်တယ်ဆိုတာ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။
ပြည်သူတွေသိပ်ချမ်းသာလာတဲ့ တစ်နေ့ ကျမတို့ရဲ့ ကိုယ်စားလှယ်တွေလည်းပြည်သူနဲ့ တန်းတူချမ်းသာစွာ ရှိနေတာကို ကျမလက်ခံမှာပါ။


ကျမတို့အဖွဲ့ချုပ်ဟာ ခက်ခက်ခဲခဲဖြတ်သန်းလာခဲ့ကြရတယ်ဆိုတဲ့ သမိုင်းကိုကျမ သိပ်ဂုဏ်ယူတယ်။
ကျမတို့ဟိုးအရင်ကစည်းရုံးရေးဆင်းစဉ်ကာလတွေ တုန်းကအခုအချိန်လို လွယ်လွယ်ကူကူ မဟုတ်ပါဘူး။ သိပ်ဆင်းရဲတဲ့ ကျမတို့ရဲ့ အဖွဲ့ဝင်တွေ ရဲ့ အိမ်တွေမှာ အိပ်ရတယ်။ဇရပ်ပေါ်မှာ စုအိပ်ကြရတယ်။ ကျမတို့သွားခဲ့တဲ့ နေရာဟာ ကျမတို့ပြန်ထွက်ခဲ့ချိန် အရင်ကထက် ပိုမကောင်းလာရင်တောင် ညစ်ပတ် ဆိုးရွားတဲ့ အခြေအနေနဲ့ မကျန်ခဲ့ ရဘူးဆိုတဲ့ မူဝါဒဟာ အဲဒီအချိန်တည်းက ချခဲ့တာပါ။ အဲဒီတည်းက ကျမတို့အဖွဲ့ဝင်တွေဟာ ကျမတို့ရဲ့ အမှိုက်တွေ ကိုကျမတို့ကောက်ခဲ့ကြတယ်။ အခုမှအမှိုက်ကောက်တာမဟုတ်ပါဘူး။ အခုတော့ကျယ်ကျယ်ပြန့်ပြန့်ကောက်တာပေါ့လေ။ အဲဒီလိုဘာလို့လုပ်ရသလဲ ဆိုရင်ကိုယ့်ရဲ့ တာဝန်ကိုယ်ယူတဲ့သဘောပါ။ ကိုယ့်အမှိုက်တွေ ကြောင့်ကိုယ်နေခဲ့တဲ့နေရာတစ်ခု အမှိုက်တွေနဲ့  ရှူပ်ပြီး ကျန်ခဲ့ မယ်ဆိုရင် လုံးဝမတရားတာပါ။

အခုလည်း ကျမတို့အဖွဲ့ချုပ်ကိုယ်စားလှယ်အများစုရှိနေတဲ့ လွှတ်တော်ကိုလည်း ကျမတို့တာဝန်ပြီးဆုံးချိန်မှာ နောက်လာမယ့်သူတွေအတွက် သန့် ရှင်း စွာ ထားခဲ့ နိုင်အောင် အခုအစမှာကတည်းက ကြိုးစားပါ။ ဒီလူတွေအားလုံး တစ်ချိန်မှာထွက်သွားကြရမယ် ဆိုတာ အားလုံးရဲ့ စိတ်ထဲစွဲနေအောင်မှတ်ထားကြပါ။

အသစ်တွေလာရမယ်။သွေးသစ်လောင်းရမယ်။ နောင်လာမယ့်သူတွေကိုနွေးထွေးစွာ လက်ကမ်းကြိုရမယ်။ နောက်လာမယ့်သူတွေအတွက်လမ်းဖွင့်ပေးထားရမယ်။

နေရာတစ်ခုကို ထာဝရလို့မြင်နေရင်၊ ကိုယ်အမြဲပိုင်ရမယ့် အရာ လို့မှတ်ယူနေရင် အဲဒါချမ်းသာဒဏ်မခံနိုင်ခြင်းပဲ။
ထာဝရဆိုတာကို စွဲနေရင် အဲဒီနေရာကိုမက်မောတဲ့စိတ်နဲ့ ဆက်မှားတော့မှာပါ။

ကိုယ်နေခဲ့ရတဲ့ကာလအတွင်း
အကောင်းဆုံးဖြစ်အောင်ကြိုးစားနေထိုင်သွားပြီးတော့ နောက်လူတွေအတွက် ကောင်းတာတွေထားခဲ့ပါ။ အဲဒီလိုလက်ဆင့်ကမ်းသွားရင် ကျမတို့နိုင်ငံအတွက် ပိုပိုပြီးကောင်းတဲ့အနာဂတ်ကို တည်ဆောက်နိုင်ပါလိမ့်မယ်။ စည်ပင်ဝန်းထဲ မှာနေရတဲ့ကျမတို့ကိုယ်စားလှယ်တွေကလည်း ပိုကောင်းတဲ့အခွင့်အရေးတွေမတောင်းပါနဲ့  ။ကားမကောင်းဘူးလို့ပြောတာကြားရတော့ကျမသိပ် စိတ်ဆိုးတာပဲ။
ရေမလာတာမျိုးကိုပဲ ပြောပါ။
အားလုံးဟာ ယာယီလို့ပဲနှလုံးသွင်းထားပါ။
အခုခန်းမထဲမှာအစည်းအဝေးလုပ်နေတယ်။ပြီးရင် ထသွားရမယ်။ နောက်လူတွေ ထိုင်လိမ့်မယ်။
အဲဒီ ဥပမာလိုပဲ ကိုယ်မပိုင်တဲ့အရာတွေကို မက်မောမနေပ်ါနဲ့  ။

ဆင်းရဲဒဏ်မရှိနိုင်တော့ဘူးလို့ တော့ ယူဆနိုင်ပေမယ့် လုံးဝမရှိတော့ဘူးလို့ လည်း မမှတ်ထားပါနဲ့ ။

ချမ်းသာဒဏ်ကိုကြံ့ကြံ့ခံဖို့သံဓိဠာန်ချကြပါလို့  ကျမမေတ္တာရပ်ခံချင်ပါတယ်။ ကျမတို့အဖွဲ့ချုပ်ကသူတွေဟာ အဖွဲ့ချုပ်အပေါ်မှာသံယောဇဉ် ကြီးကြတာ ကိုလည်းကျမဂုဏ်ယူတယ်။ ဒေါ်ခင်ဌေးကြွယ် ဆိုရင် အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့တာဝန်ကို စွန့်လွှတ်ရမှာမို့  ပိုပြီးကြီးတဲ့ တာဝန်အတွက်တောင်ဝမ်းမသာနိုင်ပဲ မျက်ရည်ကျရတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးကိုကျမတန်ဖိုးထားတယ်။

ကျမတို့အဖွဲ့ချုပ်ကသူတွေလည်း စဉ်းစားပါ။ ကိုယ်ဟာ အပေးသမားလား၊ အယူသမားလား၊ ဆိုတာ။ ဒါကိုယ့်ကိုကိုယ် သိတဲ့အမှန်တရားပဲ။

အားလုံးအပေးသမားဖြစ်အောင်ကြိုးစားကြပါ။
အချင်းချင်းအတွက်....
နိုင်ငံအတွက်.....
ပြည်သူတွေအတွက်.....
အကောင်းဆုံးအပေးသမားများ ဖြစ်ကြပါစေ။

နိုင်ငံလှအောင် ပေးဆပ်ခြင်း နဲ့ ပန်းချီခြယ်သွားတဲ့
ကိုယ်စားလှယ်တွေဖြစ်ခဲ့ပါတယ်
ဆိုတဲ့
ဂုဏ်ယူစရာ အချက်လေးတွေကိုပဲ
ဘဝမှာ အမှတ်တရသိမ်းသွားနိုင်တဲ့ သူတွေဖြစ်စေချင်တယ်။

ပိုကောင်းတဲ့၊ ပိုလှတဲ့ အနာဂတ်ကို
ထုဆစ်ပုံဖော်နိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ကြပါစေ။
လိမ်လိမ်မာမာ နေခဲ့ကြပါ။ တဲ့လေ

ကျမတို့ကို
ပြုံးပြီးကြည့်နေတဲ့ ......
ကျမတို့ကို လိမ္မာစွာနေဖို့  ပြောရင်းဆုတွေပေးနေတဲ့ ...
သူဖြစ်စေချင်တဲ့အရာတွေကို သူပိုင်တဲ့ ကျမတို့ကို နားလည်အောင်ချိုသာစွာ လမ်းညွှန်ပြနေတဲ့....
ကျမတို့ရဲ့ ခေါင်းဆောင်ကို ကြည့်ရင်း
မျက်ရည်တွေဝဲလာရတယ်။

နိုင်ငံရေး သမားလုပ်နေပြီးစိတ်မမာရကောင်းလားလို့ တော့ မဆိုလိုက်နဲ့ နော်။
အကြောက်တရားကို အာခံနိုင်ပေမယ့်
အမေ့ရဲ့ မေတ္တာတရား အပြည့်နဲ့စကားတွေကိုတော့ တင်းပြီးနားထောင်ရလောက်အောင် မမာကျောပါဘူး။
နှလုံးသားနူးညံ့ လွန်းလို့ ဒီချုပ်ထဲရောက်လာတာလေ။

အခမ်းအနားပြီးဆုံးချိန် တီးရတဲ့ ဒီတစ်ခါလက်ခုပ်ကို ဝမ်းနည်းစွာ
တီးခဲ့မိပါတယ်။
အနီးကပ် ဆုံးမ နေကျ ကျမတို့ရဲ့ ခေါင်းဆောင်ဟာ လွှတ်တော်ထဲမှာရှိမနေတော့ဘူးဆိုတဲ့ အသိကြောင့်ပေါ့။
ဒါပေမဲ့သူမဘယ်နေရာမှာပဲ ရှိနေနေ ခေါင်းဆောင်ညွှန်ကြားခဲ့သမျှကို လိုက်နာနေရင် သူမနဲ့ ဘယ်လောက်ဝေးဝေး နီးနီးလေး ပါပဲလေ.........။

Thiri Yadanar
https://www.facebook.com/thiri.yadana.98
သူမနဲ့ ဘယ်လောက်ဝေးဝေး နီးနီးလေး ပါပဲ သူမနဲ့ ဘယ်လောက်ဝေးဝေး နီးနီးလေး ပါပဲ Reviewed by THITHTOOLWIN on 16:08 Rating: 5
Powered by Blogger.