နောင်လုံလမ်းအသုံးပြုခ ကောက်ခံရေး တိုးဂိတ်၌ သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုဖြစ်ပွား


ဘားအံ မတ် ၁

ကရင်ပြည်နယ် ဘားအံမြို့နယ် အိန္ဒုကျေးရွာနှင့် ဝဲကနင်ကျေးရွာ ကြား ဘားအံ-မြဝတီ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ နောင်လုံ တိုးဂိတ်၌ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၇ နာရီခန့်က လမ်း အသုံးပြုခကောက်ခံနေသည့် AK ကုမ္ပဏီမှ ဝန်ထမ်းများနှင့် ယာဉ် မောင်းတစ်ဦးတို့ အချေအတင် စကားများရာမှ ခြိမ်းခြောက် သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့ရာ တိုးဂိတ်၌ တပ်ဆင်ထားသော စီစီတီဗွီမှတ်တမ်းများအရ သေနတ် ပစ်ဖောက်သူအား သိရှိရ၍ အမြန်ဆုံးဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၇ နာရီခန့်က ဘားအံဘက်မှ အိန္ဒုဘက်သို့ 5G/---- ယာဉ် သည် အရှိန်ဖြင့်မောင်းနှင်လာပြီး နောင်လုံတိုးဂိတ်အရောက် ဝန်ထမ်း များက မောင်းလက်တံဖွင့်နေစဉ် မောင်းတံကို တိုက်မိရာ မောင်းတံရှေ့ အလွန်တွင် ကားရပ်၍ ကားပေါ်မှ ပစ္စတိုသေနတ်ဖြင့် မိုးပေါ်သို့ နှစ်ချက် ပစ်ဖောက်ပြီး ကားပေါ်မှ ဆင်းကာ မောင်းလက်တံ အဖွင့်အပိတ်လုပ် သည့် လူငယ်သုံးဦးနှင့် စကားအချေ အတင်ပြောအပြီး ကားပေါ်သို့ အတက်တွင် မိုးပေါ်သို့ သုံးချက် ထပ်မံပစ်ဖောက်ပြီး ယာဉ်ကို အိန္ဒုကျေးရွာဘက်သို့ မောင်းနှင် ထွက်သွားသည်ဟု သိရသည်။


အခင်းဖြစ်ရပ်သို့ အိန္ဒုနယ်မြေရဲ စခန်းမှူး ရဲအုပ်ဇော်နိုင်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ ကျည်ခွံ သုံးခုနှင့် ယင်းကားနှင့် လူဖြစ်စဉ်တို့ကို ရိုက်ကူးထားသော တိုးဂိတ်ရှိ စီစီတီဗွီ ဓာတ်ပုံမှတ်တမ်းများကို သက်သေများရှေ့၌ သိမ်းဆည်းခဲ့ပြီး စိစစ်ကြည့်ရှု၍ သေနတ်သမားအား စုံစမ်းရာ သေနတ်ပစ်ဖောက် သူမှာ မြပြည်သရက်တော ကျေးရွာ နောင်လုံအရှေ့ကျေးရွာ အုပ်စုတွင် နေထိုင်သူ ပုံးပုံးဖြစ် ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရား မဝင် လက်နက်ကိုင်ဆောင်ပြီး ခြိမ်းခြောက်ပစ်ဖောက်သူ ပုံးပုံး အား ရဲအုပ်ဇော်နိုင်အောင်က တရားလိုပြုလုပ်တိုင်ကြား၍ အိန္ဒု နယ်မြေရဲစခန်းက အမှုဖွင့်ပြီး သက်ဆိုင်ရာက အမြန်ဆုံးဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နောင်လုံလမ်းအသုံးပြုခ ကောက်ခံရေး တိုးဂိတ်၌ သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုဖြစ်ပွား  နောင်လုံလမ်းအသုံးပြုခ ကောက်ခံရေး တိုးဂိတ်၌ သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.