အမတ်သစ်တွေ ဒီကနေ့ ကျမ်းကျိန်မယ်

လွှတ်တော်မှာ တွေ့ရတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (Credit: Reuters) 
၂၀၁၅ ​ခုနှစ် ​နိုဝင်ဘာလ ​၈ ​ရက်နေ့ ​ရွေးကောက်ပွဲမှာ ​အနိုင်ရရှိတဲ့ ​လွှတ်တော်အမတ်တွေက ​ဒီကနေ့ ​ပထမဆုံးအကြိမ် ​လွှတ်တော် ​အစည်းအဝေး ​ကျင်းပပြီး ​ကျမ်းသစ္စာ ​ကျိန်ဆိုကြမှာ ​ဖြစ်ပါတယ်။

လွှတ်တော် ​အမတ်တွေက ​ကတိသစ္စာပြုကြမှာ ​ဖြစ်သလို ​အဲဒီနောက် ​ပြည်သူ့လွှတ်တော် ​ဥက္ကဌနဲ့ ​ဒုဥက္ကဌကိုလည်း ​ရွေးချယ်တင်မြောက်ကြဖို့ ​ရှိနေပါတယ်။

NLD ​က ​ရွေးချယ်ထားတဲ့ ​ပြည်သူ့လွှတ်တော် ​ဥက္ကဌနဲ့ ​ဒုဥက္ကဌတွေကို ​လွှတ်တော်အမတ်တွေက ​အတည်ပြုပေးမယ့် ​အနေအထား ​ရှိနေပါတယ်။

NLD ​ပါတီအနေနဲ့ ​လွှတ်တော်ရဲ့ ​ဒုတိယအပတ်မှာ ​သမ္မတအဖြစ် ​ရွေးချယ်သူရဲ့ ​နာမည်ကို ​ထုတ်ဖော်နိုင်မယ့် ​အခြေအနေ ​ရှိတယ်လို့လည်း ​ပါတီရဲ့ ​ပြောခွင့်ရ ​ပုဂ္ဂိုလ် ​ဦးဝင်းထိန်က ​ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရုံး ​အဖွဲ့မှူးရာထူးမှာ ​လူအပြောင်းအလဲဖြစ်

လွှတ်တော် ​အစည်းအဝေး ​မစတင်ခင်မှာပဲ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ရုံးအဖွဲ့မှူး ​ရာထူးမှာ ​လူအပြောင်းအလဲ ​ဖြစ်ပေါ်ခဲ့ပါတယ်။

အရင်တုန်းက ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ရုံးအဖွဲ့မှူးအဖြစ် ​ဒေါ်အောင်ဆန်းစုကြည်နား ​အမြဲတမ်း ​တွေ့ရတဲ့ ​ဒေါက်တာတင်မာအောင်ကို ​ခန့်အပ်ထားပေမယ့် ​အခုအခါမှာတော့ ​ဦးမိုးဇော်ဦးကို ​အစားထိုး ​ခန့်အပ်လိုက်တာလို့ ​သိရပါတယ်။

ဒေါက်တာ ​တင်မာအောင်ကို ​ဘယ်လို ​နေရာပေးမလဲ ​ဆိုတာကိုတော့ ​မသိရသေးပါဘူး။

ပြည်သူ့လွှတ်တော်အမတ် ​ဦးဖြိုးဇေယျာသော်ကတော့ ​ဒေါက်တာ ​တင်မာအောင်က ​ကိုယ်ရေးကိုယ်တာ ​ကိစ္စ ​လုပ်စရာ ​ရှိတာကြောင့် ​အနားယူတော့မယ်လို့ ​အရင်ကတည်းက ​ပြောဆိုထားပြီး ​ရွေးကောက်ပွဲ ​ပြီးတဲ့အထိ ​လုပ်ဆောင်ပေးခဲ့တာလို့ ​RFA ​ကို ​ပြောသွားခဲ့ပါတယ်။

ဒေါက်တာတင်မာအောင်ဟာ ​အင်္ဂလိပ်ခေတ်တုန်းက ​အချမ်းသာဆုံးသူဌေးတွေထဲက ​တစ်ယောက်ဖြစ်တဲ့ ​ရခိုင်သူဌေးကြီး ​ဦးရဲကျော်သူရဲ့ ​မျိုးဆက် ​ဖြစ်ပြီးရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​(ALD) ​ရဲ့ ​ဥက္ကဌ ​ဒေါက်တာစောမြအောင်ရဲ့ ​သမီးဖြစ်တယ်လို့ ​ဖေ့စ်ဘွတ်မှာ ​ရေးသားထားတာကို ​တွေ့ခဲ့ရပါတယ်။

ကုလသမဂ္ဂမှာ ​အလုပ်လုပ်နေတဲ့ ​ဒေါက်တာတင်မာအောင်ဟာ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ရဲ့မေတ္တာရပ်ခံချက်ကြောင့် ​အလုပ်ထွက်ပြီး ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​နောက်မှာ ​တောက်လျှောက်လိုက်ပါပြီး ​ရုံးအဖွဲ့မှူးအဖြစ် ​တာဝန်ယူခဲ့သလို ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​အနီးကပ် ​ကျန်းမာရေးမှူး ​အဖြစ်လည်း ​လုပ်ဆောင်သူ ​ဖြစ်တယ်လို့ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အမတ်သစ်တွေ ဒီကနေ့ ကျမ်းကျိန်မယ်  အမတ်သစ်တွေ ဒီကနေ့ ကျမ်းကျိန်မယ် Reviewed by THITHTOOLWIN on 09:16 Rating: 5
Powered by Blogger.