ယူရေနီယမ်ဟု ယူဆရသော သတ္တုတစ်မျိုး မန္တလေးမြို့၌ ဖမ်းဆီးရမိ

ဓါတ်ပုံ - ရဲဇာနည် (facebook)
 ကျပ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ ယူရေနီယမ်ဟု ယူဆရသော ကြယ်ငါးပွင့်အဆင့်ရှိ သတ္တုတစ်မျိုးကို ရောင်းဝယ်ဖောက်ကားရန် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံမှ ၀ယ်ယူလာသည်ကို ဇန်န၀ါရီလ ၁၂ ရက်တွင် မန္တလေးမြိ့၌ ဖမ်းဆီးနိုင်ခဲ့ကြောင်း မဟာအောင်မြေ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က The Ladies သို့ အတည်ပြုသည်။

ယူရေနီယံဟု ယူဆရသည့် သတ္တုတစ်မျိုးကို ရောင်းချရန် မန္တလေးမြို့သို့ ရောက်ရှိနေသည့် ဦးဟရန်းထန်ဇမ်းမာ အပါအ၀င် ချင်းအမျိုးသားသုံးဦးကို အမှတ်၁၈ မူးယစ်တပ်ဖွဲ့စု မန္တလေးမှ ရဲအုပ်မြင့်သွင် ဦးစီးအဖွဲ့၊ အမှတ် ၉ မြို့မရဲစခန်းမှ ရဲအုပ်မိုးဝင်းစိန်၊ စရဖ (လပခ)မှ တကကဇော်လတ်၊ သက်သေများနှင့်အတူ ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ဖမ်းဆီးရာတွင် စာတန်းပါ ကြယ်ငါးပွင့် အမှတ်အသားပါ ကတ်ထူဘူး ၁ ဘူး၊ အလေးချိန် ၁ ကီလို၊ စာတန်းပါ ကြယ်သုံးပွင့် အမှတ်သားပါ ကတ်ထူဘူး ၁ ဘူး၊ အလေးချိန် ၁ ကီလိုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၄င်းတို့ ၃ ဦးအား မူးယစ်တပ်စု ၁၈ ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ရာ အဆိုပါပစ္စည်းများအား ဟရန်းထန်ဇမ်းမာ မှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့နေ အထန်ငှီဖြင့် ချိတ်ဆက်ပြီး ယူဆောင်လာခဲ့ခြင်း ဖြစ်သည်ဟုဆိုကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ကြယ်ငါးပွင့် ယူရေနီယံ ၁ ခုလျှင် အမေရိကန်ဒေါ်လာ ၁၄ သိန်း (မြန်မာငွေကျပ် ၁၈၂ဝဝ သိန်း)ဖြင့် လည်ကောင်း၊ ကြယ်သုံးပွင့် ယူရေနီယံ ၁ ခုလျှင် မြန်မာငွေ ကျပ်သိန်း ၅၅ဝဝ ဖြင့် လည်းကောင်း၊ မန္တလေးဝယ်လက် စီစဉ်၍ ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ယူရေနီယံများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဟရန်ထန်ဇမ်းမားနှင့် နှစ်ဦးတို့ကို မန္တလေးခရိုင် မဟာအောင်မြေမြို့မ ရဲစခန်းတွင် ( ပ )၄၃/၂ဝ၁၆ ၊ သတ္တုဥပဒေပုဒ်မ ၃၁အရ အမှုဖွင့်စစ်ဆေးနေပြီး အိန္ဒိယနိုင်ငံသား မထန်းလီကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
ယူရေနီယမ်ဟု ယူဆရသော သတ္တုတစ်မျိုး မန္တလေးမြို့၌ ဖမ်းဆီးရမိ  ယူရေနီယမ်ဟု ယူဆရသော သတ္တုတစ်မျိုး မန္တလေးမြို့၌ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.