IS အဖွဲ့ကို ဖျက်ဆီးမယ်လို့ အိုဘားမားဆို





အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားရဲ့ ​မိန့်ခွန်းမှာ ​IS ​အဖွဲ့ကို ​အမြစ်ပြတ် ​ချေမှုန်းဖို့ ​ပြောဆိုလိုက်သလို ​အဲဒီ ​အဖွဲ့ဝင်တွေဟာ ​လူဆိုးဓားပြနဲ့ ​လူသတ်သမားတွေသာ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

ကာလီဖိုးနီးယား ​ပြည်နယ်မှာ ​အကြမ်းဖက်မှု ​ဖြစ်ပေါ်ပြီး ​လူ ​၁၄ ​ဦး ​သေဆုံးတဲ့ ​ဖြစ်ရပ် ​ဖြစ်ပေါ်ပြီး ​တစ်ပါတ်အကြာမှာ ​သမ္မတက ​မိန့်ခွန်းပြောခဲ့တာ ​ဖြစ်ပါတယ်။

အမေရိကန် ​သမ္မတအနေနဲ့ ​ရုပ်မြင်သံကြားကနေ ​ပြည်သူတွေကို ​တိုက်ရိုက် ​မိန့်ခွန်းပြောတာမျိုး ​လုပ်လေ့မရှိပေမယ့် ​အခုတခါ ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။

သေနတ် ​ပစ်ခတ်မှု ​လုပ်ခဲ့တဲ့ ​လင်မယားဟာ ​IS ​အဖွဲ့နဲ့ ​ဆက်နွယ်မှု ​ရှိမရှိ ​ဆိုတာကို ​အမေရိကန် ​အစိုးရက ​စုံစမ်းနေပါတယ်။

သေနတ် ​သမားတွေက ​အမေရိကန်ဖွား ​Syed ​Rizwan ​Farook ​နဲ့ ​သူ့ရဲ့ ​ပါကစ္စတန်ဖွား ​ဇနီးသည် ​Tashfeen ​Malik ​တို့  ​ဖြစ်ပြီး ​၅ ​နှစ်အရွယ် ​ကလေးကျန်ရစ်ခဲ့ပါတယ်။

သမ္မတရုံးခန်းကနေ ​ပြုလုပ်တဲ့ ​တတိယအကြိမ်မြောက် ​မိန့်ခွန်းပြောခန်းမှာ ​သမ္မတ ​အိုဘားမားက ​အကြမ်းဖက် ​ခြိမ်းခြောက်မှု ​ခံရပေမယ့် ​ဒီပြဿနာကို ​ကျော်လွှားနိုင်မှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

IS ​အဖွဲ့ကို ​ဖျက်ဆီးမှာ ​ဖြစ်သလို ​အမေရိကန်ကို ​အနာတရ ​ဖြစ်အောင် ​လုပ်မယ့် ​အဖွဲ့အစည်းတိုင်းကို ​ဖျက်ဆီးပစ်မယ်လို့လည်း ​ပြောလိုက်ပါတယ်။

ရှည်ကြာပြီး ​ကုန်ကျစရိတ် ​များတဲ့ ​အီရတ်နဲ့ ​ဆီးရီးယား ​စစ်မှာ ​ပါဝင်မှု ​ရပ်တန့်မှု ​မလုပ်သင့်တဲ့အကြောင်း ​အမေရိကန်ရဲ့ ​ပါဝင်မှုကို ​ရပ်တန့်စေချင်လို့ ​IS ​လို ​အကြမ်းဖက် ​သမားတွေက ​လုပ်ဆောင်တာ ​ဖြစ်ပေမယ့် ​အဲဒီ ​အဖွဲ့တွေ ​ကြီးပွားမလာအောင် ​လုပ်ဆောင်ဖို့အတွက် ​စစ်မြေပြင်မှာ ​ဆက်နေသင့်တယ်လို့ ​ပြောသွားခဲ့ပါတယ်။

ဝေဟင်တိုက်ခိုက်မှုတွေ၊ ​အထူးတပ်ဖွဲ့စေလွတ်မှုတွေနဲ့ ​ဒေသတွင်းက ​အင်အားတွေနဲ့ ​ပူးပေါင်းပြီး ​အောင်ပွဲခံမယ်လို့လည်း ​ပြောလိုက်ပါတယ်။

IS ​အဖွဲ့ကို ​တိုးချဲ့တိုက်ခိုက်မှု ​လုပ်ဖို့ ​စစ်သားတွေ ​စေလွတ်ဖို့ ​အဆိုကို ​ကန့်ကွက်သူတွေ ​ရှိတဲ့အတွက် ​အမေရိကန် ​အစိုးရက ​အကန့်အသတ်နဲ့သာ ​လုပ်ဆောင်နေရတာ ​ဖြစ်ပါတယ်။

အချုပ်အခြာ ​အာဏာရှိတဲ့ ​အမေရိကန် ​သမ္မတအနေနဲ့ ​အများသဘောတူညီမှုကို ​ယူစရာမလိုပဲ ​စစ်သားကို ​ပို့ဆောင်ခွင့် ​ရှိပေမယ့် ​အမေရိကန် ​နိုင်ငံရေး ​သမားတွေ ​စည်းစည်းလုံးလုံးနဲ့ ​ဆုံးဖြတ်ချက် ​ချတာမျိုး ​လိုလားတဲ့အတွက် ​အကန့်အသတ်နဲ့ ​IS ​ကို ​တိုက်ခိုက်ချေမှုန်းနေတာ ​ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ​သေနတ်ကန့်သတ်မှုတွေ ​ထားရှိသင့်ပြီလို့လည်း ​သမ္မတ ​အိုဘားမားက ​ပြောလိုက်ပါတယ်။

( Radio Australia )

http://www.radioaustralia.net.au/
IS အဖွဲ့ကို ဖျက်ဆီးမယ်လို့ အိုဘားမားဆို IS အဖွဲ့ကို ဖျက်ဆီးမယ်လို့ အိုဘားမားဆို Reviewed by Staff Writer on 14:27 Rating: 5
Powered by Blogger.