အယောင်ဆောင် လားမားဝိညာဉ် ၀င်စားသူများကို တရုတ်အစိုးရ ဝေဖန်




ပေကျင်း ၊ ၇-၁၂-၂၀၁၅

လားမားဝိညာဉ် ဝင်စားသူ အဖြစ် အယောင်ဆောင် ထားသူများသည် ၄င်းတို့ ရရှိသည့် အလှူငွေများကို တိဗက်ဒေသ ခွဲထွက်ရေး လှုပ်ရှားမှုများ အတွက် အသုံးချ နေကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာ များ၏အဆိုကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

တိဗက်ဒေသန္တရ အစိုးရ အာဏာပိုင်များ အနေဖြင့် လားမားဝိညာဉ် ဝင်စားသူ အတုယောင်များ ပြဿနာကို ကိုင်တွယ် ဖြေရှင်းရန် တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်း ဒေသများမှ လုပ်ဖော် ကိုင်ဖက်များ နှင့် ပူးပေါင်းဆောင်ရွက် သင့်ကြောင်း တရုတ်နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် တိုင်းရင်းသားနှင့် သာသနာရေး ကောင်စီ ဥက္ကဋ္ဌက နိုင်ငံပိုင် မီဒီယာများသို့ ပြောကြား ခဲ့သည်။

လက်ရှိအချိန်တွင် တရုတ် အစိုးရသည် တရားဝင် လားမား ဝိညာဉ် ဝင်စားသူများ၏ အချက်အလက် များကိုရယူ၍ မှတ်တမ်း ပြုစုလျက် ရှိပြီး အခွင့်သာချိန်တွင် အများပြည်သူများ သိရှိရန် ထုတ်ပြန် ပေးဖွယ်ရှိကြောင်း တရုတ်အစိုးရ မီဒီယာများ၌ ဖော်ပြထားသည်။ တိဗက် ဗုဒ္ဓဘာသာ အယူအဆအရ ဝါတော်ကြိုသည့် လားမားကြီး များ၏ ဝိညာဉ်သည် ကလေးများ၏ ခန္ဓာကိုယ်တွင် ပြန်လည်ဝင်စား တတ်ကြပြီး ယင်း ကလေးများ အရွယ်ရောက် လာချိန်တွင် သက်ရှိ ဗုဒ္ဓ Living Buddha ခေါ် လားမားဝိညာဉ် ဝင်စားသူအဖြစ် သတ်မှတ်ခံရလေ့ ရှိသည်။

တရုတ်ပြည်သူ့ နေစဉ်သတင်းစာ အဆိုအရ ၂ဝဝ၇ ခုနှစ်အတွင်း တိဗက်ဒေသ၌ လားမားဝိညာဉ် ဝင်စားသူပေါင်း ၁ဝဝ ကျော်ထိ ရှိကြောင်း၊ တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်း ဒေသများ၌ လားမားဝိညာဉ် ဝင်စားမှုအဖြစ် အယောင်ဆောင် ထားသူများသည် ယုံကြည်သူ များထံမှ အလှူငွေများ ရယူ၍ တိဗက်သို့ ပြန်ကာ ခွဲထွက်ရေး လှုပ်ရှားမှုများကို အားပေးကူညီ နေကြောင်း နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် တိုင်းရင်းသားနှင့် သာသနာရေး ကော်မတီ ဥက္ကဋ္ဌ က ပြောကြား ခဲ့ကြောင်း သိရသည်။

( Pyi Chit Thar )

http://www.pyichitthar.com/
အယောင်ဆောင် လားမားဝိညာဉ် ၀င်စားသူများကို တရုတ်အစိုးရ ဝေဖန် အယောင်ဆောင် လားမားဝိညာဉ် ၀င်စားသူများကို တရုတ်အစိုးရ ဝေဖန် Reviewed by Staff Writer on 14:25 Rating: 5
Powered by Blogger.