ISဆီက ရေနံလိုချင်လို့ တူရကီက ရုရှားလေယာဉ် ပစ်ချလို့ဆို

ရုရှား သမ္မတ ဘလာဒီမီယာ ပူတင် (Credit: AFP) 
IS ​အစ္စလာမ်မစ် ​အဖွဲ့ဆီက ​ရေနံ ​တင်ပို့မှုတွေ ​ရပ်တန့်သွားမှာကို ​စိုးရိမ်တဲ့အတွက် ​တူရကီက ​ရုရှား ​လေယာဉ်ကို ​ပစ်ချခဲ့တာလို့ ​ရုရှား ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​စွပ်စွဲလိုက်ပါတယ်။

တူရကီကတော့ ​သူတို့ ​နယ်မြေထဲ ​ရုရှား ​လေယာဉ် ​ဝင်လာလို့ ​ပစ်ချတာလို့ ​ပြောဆိုပြီး ​ဒီလုပ်ရပ်အပေါ် ​တောင်းပန်ဖို့ ​ငြင်းဆိုနေဆဲ ​ဖြစ်ပါတယ်။

ရုရှား ​သမ္မတရဲ့ ​အဆိုအရ ​ဆီးရီးယားနိုင်ငံက ​IS ​အဖွဲ့ဟာ ​ရေနံတွေကို ​တူရကီနိုင်ငံထဲ ​တင်သွင်း ​ရောင်းချနေတဲ့ ​အထောက်အထားတွေ ​ရရှိထားတယ်လို့ ​ဆိုပါတယ်။

ရုရှားကို ​မတောင်းပန်နိုင်ဘူးလို့ ​တူရကီ ​ဝန်ကြီးချုပ် ​Ahmet ​Davutoglu ​က ​ပြောဆိုပြီးတဲ့နောက် ​ရုရှား ​သမ္မတက ​အခုလို ​စွပ်စွဲလိုက်တာပါ။

တူရကီ ​ဝန်ကြီးချုပ်က ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ရုရှားက ​ဆွေးနွေးမယ်ဆိုရင် ​အသင့်ရှိကြောင်း၊ ​အကြောင်းစုံ ​ပိုသိချင်တယ်ဆိုရင်လည်း ​ရှင်းပြဖို့ ​အသင့်ရှိနေပြီး ​နှစ်နိုင်ငံ ​ဆက်ဆံရေး ​ပုံမှန်အတိုင်း ​ပြန်ဖြစ်ချင်ရင်လည်း ​တူရကီဘက်က ​အဆင်သင့်ပဲလို့ ​ပြောလိုက်ပါတယ်။

တူရကီ ​သမ္မတ ​Recep ​Tayyip ​Erdogan ​က ​ပဲရစ်မြို့မှာ ​ကျင်းပတဲ့ ​ရာသီဥတု ​ညီလာခံမှာ ​ရုရှား ​သမ္မတနဲ့ ​တွေ့လိုကြောင်း ​ကမ်းလှမ်းခဲ့ပေမယ့် ​ရုရှား ​သမ္မတက ​ဖိတ်ခေါ်ကမ်းလှမ်းမှုကို ​ပယ်ချလိုက်ပါတယ်။

တူရကီနိုင်ငံက ​သစ်သီးတွေနဲ့ ​ဟင်းသီး ​ဟင်းရွက် ​တင်ပို့မှုကိုလည်း ​လက်မခံဖို့ ​ရုရှားက ​ဆုံးဖြတ်လိုက်သလို ​တူရကီနိုင်ငံက ​လေယာဉ်ကို ​စီးလုံးငှားတာတွေနဲ့ ​လျှော့ဈေးနဲ့ ​ရောင်းချနေတဲ့ ​တူရကီ ​ခရီးစဉ်မျိုးတွေ ​မလုပ်ဖို့ ​တားမြစ်လိုက်ပါတယ်။

ဒါ့အပြင် ​အရင်တုန်းက ​ဗီဇာမလိုပဲ ​သွားလာခွင့် ​ပေးထားပေမယ့် ​အဲဒီ ​အစီအစဉ်ကိုလည်း ​ရုရှားဘက်က ​ရပ်တန့်လိုက်ပါတယ်။

ဒါဟာ ​ပထမအဆင့်ပဲ ​ရှိသေးပြီး ​တူရကီအပေါ် ​ကန့်သတ်မှုတွေ ​ဒီထက် ​လုပ်နိုင်တယ်လို့ ​ရုရှား ​ဝန်ကြီးချုပ် ​Dmitry ​Medvedev ​က ​ပြောပါတယ်။

တူရကီအနေနဲ့ ​ဒီလို ​ဒဏ်ခတ်ပိတ်ဆို့မှုကို ​စိတ်ခံစားချက်အရ ​တုန့်ပြန်မှာ ​မဟုတ်ပဲ ​စိတ်ရှည်စွာ ​စောင့်ကြည့်သွားမှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

တူရကီနိုင်ငံမှာ ​စွမ်းအင်တွေ ​လုံလောက်ဖို့အတွက် ​ရုရှားနိုင်ငံအပေါ် ​အများဆုံး ​မှီခိုနေရတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ISဆီက ရေနံလိုချင်လို့ တူရကီက ရုရှားလေယာဉ် ပစ်ချလို့ဆို ISဆီက ရေနံလိုချင်လို့ တူရကီက ရုရှားလေယာဉ် ပစ်ချလို့ဆို Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.