မိုင်းရှူးမြို့နယ်ရှိ SSPP/SSA တပ်စခန်းများအားလုံး ချွင်းချက်မရှိ ဆုတ်ခွါပေးရန် ဝန်ကြီးဦးခင်မောင်စိုးပြော


နိုဝင်ဘာ ၂၁ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့ နှင့် မိုင်းနောင်မြို့ ကြား တိုက်ပွဲဖြစ်ပွါးရာဒေသရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းများအားလုံး ဆုတ်ခွါပေးရန် ရန်ကုန်မြို့တွေ့ဆုံမှုအပြီး နောက်တရက် နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက သျှမ်းပြည်တပ်မတော်၏ တာဝန်ခံ အရာရှိထံ အစိုးရဘက်က ဖုန်းဆက်အကြောင်းကြားလာသည် ဟုသိရသည်။

နိုဝင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက အစိုးရလျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ကိုယ်စားလှယ် စဝ်နော်လိတ်တို့ ရန်ကုန်မြို့၌ တွေ့ဆုံကြောင်း၊ တွေ့ဆုံစဉ် ဝန်ကြီး ဦးခင်မောင်စိုးက ငြိမ်းချမ်းရေးအတွက် ကော်မတီဖွဲ့ပြီး တနင်္လာနေ့ ထပ်မံတွေ့ဆုံကာ သမ္မတထံ အမြန်ဆုံး တင်ပြရန် ပြောကြားချက်ကို နှစ်ဘက်သဘောတူကြပြီးဖြစ်ကြောင်း စဝ်နော်လိတ်က ဤကဲ့သို့ ပြောကြားသည်။

“မနေ့က တွေ့တာအဆင်ပြေပြီ။ တိုက်ပွဲဖြစ်နေတဲ့ အကြောင်း ပြေလည်အောင် ဖြေရှင်းဖို့။ ရှေ့အပတ် မှာ ထပ်တွေ့ဖို့တောင် ကျနော်တို့တောင် လူရွေးပြီးပြီ။ ရလခ တိုင်းရုံးနဲ့လဲ သဘောတူ ပြီးပြီ။ လူထုလဲ တအားဝမ်းသာတယ်။ အိမ်ပြန်ရတော့မယ်ဆိုပြီးတော့။ ဒါပေမယ့် ဒီနေ့ တော့ တမျိုး ထပ်ပြောလာ တယ်။ သူလဲ မတတ်နိုင်တော့ဘူးတဲ့ ဦးခင်မောင်စိုးက” - ဟု စဝ်နော်လိတ်က ပြောသည်။

ရလခ စစ်တိုင်းရုံး ဂျီဝမ်း ကလည်း နိုဝင်ဘာ ၁၈ ရက်နေ့က သျှမ်းပြည်တပ်မတော် တာဝန်ရှိထံ ယာယီ အပစ်ရပ်ထားဖို့ပြောကြောင်း၊ ရောက်သည့်နေရာတွင်ပင်နေပြီး ပစ်ခတ်တိုက်ခိုက်ခြင်းမပြုကြရန်ပြော ကြောင်း၊ ၎င်းတို့အနေဖြင့်လည်း တိုက်ခိုက်မှု မပြုလိုတော့ကြောင်း ပြောကြားသည်ဟု ဌာနချုပ် အရာရှိကြီး တဦးကပြောသည်။

“အခုလုပ်လာတာ နေပြည်တော်အမိန့်ဘဲလို့ထင်တယ်။ မနေ့ကလဲ တောင်ကြီးကနေ စစ်ကား အစီး ၃၀ ကျော်တယ် ဒီဘက်ကိုလာနေတာ။ နောက်ပြီး မန္တလေးကနေလည်း သံချပ်ကာကားတွေ၊ တင့်ကားတွေ လားရှိုးကို ညတွင်းချင်း ပို့ဆောင်လာနေတယ်။ အဲဒါက တန့်ယန်းဘက်ကိုဦးတည်မယ်လို့ကြားတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

အောက်တိုဘာ ၁၉ ရက်မှ စ၍ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားမှုမကြား ရသော ကြောင့် စစ်ဘေးရှောင်များ ရွာပြန်စပါးရိတ်ရန်ပင် ပြင်ဆင်နေပြီဖြစ်ကြောင်း၊ စစ်ယာဉ်တန်းကြီးများ သွားလာမှုလှုပ်ရှားမှု သတင်းကြောင့် မပြန်ရဲဖြစ်နေကြောင်း စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသည့် စိုင်းဟန် က ပြောသည်။

အောက်တိုဘာ ၆ ရက်နေ့မှ နိုဝင်ဘာ ၁၈ ရက်နေ့အထိ သျှမ်းပြည်တပ်တော် SSPP/SSA အား မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် တသောင်းကျော် နေရပ်မှ စွန့်ခွါနေရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးစာချုပ်အား ၂၀၁၂ ခု နှစ်ဦးပိုင်းက သျှမ်းပြည်မြို့တော် တောင်ကြီး၌ လက်မှတ်ရေးထိုး ထား သည့် သျှမ်းလက်နက်ကိုင်တပ် ဖြစ်သည်။

ဓါတ်ပုံ- ပြီးခဲ့သည့်နှစ်များက လျှပ်စစ်ဝန်ကြီးဦးခင်မောင်စိုးအဖွဲ့နှင့် သျှမ်းပြည်တိုးတက်ရေးပါတီတို့ တွေ့ဆုံကြစဉ်

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese/
မိုင်းရှူးမြို့နယ်ရှိ SSPP/SSA တပ်စခန်းများအားလုံး ချွင်းချက်မရှိ ဆုတ်ခွါပေးရန် ဝန်ကြီးဦးခင်မောင်စိုးပြော   မိုင်းရှူးမြို့နယ်ရှိ SSPP/SSA တပ်စခန်းများအားလုံး ချွင်းချက်မရှိ ဆုတ်ခွါပေးရန် ဝန်ကြီးဦးခင်မောင်စိုးပြော Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.