မွေး/ရေ ၀န်ကြီး ဦးအုန်းမြင့်က အနိုင်ရ NLD အမတ်လောင်းကို မတရားတားဆီးကန့်ကွက်မှုဖြင့် အမှုဖွင့်တိုင်ကြား


 ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မွေး/ရေ ၀န်ကြီး ဦးအုန်းမြင့်က အနိုင်ရ NLD ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့အား မတရားတားဆီးကန့်ကွက်မှုဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကျောက်တန်းမြို့မရဲစခန်း၌ တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှတ်တမ်းအရ သိရသည်။

ဦးအုန်းမြင့်နှင့်အဖွဲ့သည် နိုဝင်ဘာ ၄ ရက်နေ့က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဟောပြောပွဲများပြုလုပ်စဉ် NLD အမတ်လောင်းနှင့်အဖွဲ့က ကားများ ဆိုင်ကယ်များဖြင့် ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်ဟု တိုင်ကြားမှုမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါ်အေးမြမြမျိုးအား News Watch မှ ဆက်သွယ်မေးမြန်းရာ “သူတို့ ဘယ်လိုသဘောမျိုးနဲ့တိုင်တယ်ဆိုတာတော့ ကျွန်မ မသိဘူး။ ကျွန်မနေနဲ့ ဘာအမှားမှလုပ်ထားတာ မရှိဘူး။ ၄ ရက်နေ့က ကျွန်မတို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့သွားတာဖြစ်တယ်။ တရားဥပဒေနဲ့အညီ ခွင့်ပြုချက်အရပဲ လုပ်ဆောင်ခဲ့တာဖြစ်တယ်။ အဲဒီနေ့က ကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့သွားတာဖြစ်တဲ့အတွက် သူတို့လမ်းကြောင်း ရှိတယ်ဆိုတာလည်း မသိဘူး။ အခု ကျွန်မရှေ့နေတွေနဲ့ တိုင်ပင်နေတယ်။ ဥပဒေအရပဲ ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ပြေကြားသည်။

တိုင်ကြားမှုကို ကျောက်တန်းမြို့မရဲစခန်းမှ (ပ) ၃၀၈/၂၀၁၅ ပြစ်မှုဆိုင်ရာပုဒ်မ ၃၄၁ ဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် အမှုဖွင့်ပြီး ယာယီစခန်းမှူး ရဲမှူးတင်ထွေးက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံ-မွေး/ရေ ၀န်ကြီး ဦးအုန်းမြင့်နှင့်ဇနီးတို့ နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့က မဲပေးပြီးဖြစ်ကြောင်း အမှတ်အသားပါလက်သန်းကို ပြသနေပုံ

နောင်လေး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မွေး/ရေ ၀န်ကြီး ဦးအုန်းမြင့်က အနိုင်ရ NLD အမတ်လောင်းကို မတရားတားဆီးကန့်ကွက်မှုဖြင့် အမှုဖွင့်တိုင်ကြား   မွေး/ရေ ၀န်ကြီး ဦးအုန်းမြင့်က အနိုင်ရ NLD အမတ်လောင်းကို မတရားတားဆီးကန့်ကွက်မှုဖြင့် အမှုဖွင့်တိုင်ကြား Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.