လက်ထိပ်ခတ်ပြီး ရိုက်နှက်သော အုပ်ချုပ်ရေးမှူးကို အမှုဖွင့်


          ရွှေပြည်သာ မြို့နယ်တွင် ပွဲဈေးတန်းထဲ ရန်ဖြစ်သည်ဟုဆိုပြီး အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများက လက်ထိပ်ခတ်ပြီး ရိုက်နှက်ခဲ့သဖြင့် ပြည်သူဝန်ထမ်း ကိုင်ဆောင် အသုံးပြုသည့် ပစ္စည်းကို ကိုင်ဆောင်၍ နာကျင်အောင် ပြုလုပ်မှုအပါအ၀င် တခြား အမှုများဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

          ဖြစ်စဉ်မှာ နိုဝင်ဘာလ (၂၃)ရက်နေ့ တွင် ဈေးရောင်းသူ......(၄၃)နှစ်နေအိမ်ရှိ နေစဉ် သားဖြစ်သူ........(၁၇)နှစ်နှင့် .......... ကျေးရွာတွင် နေထိုင်သော မောင်......(၁၇)တို့သည် ပွဲဈေးတွင် ရန်ဖြစ်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိနေပြီး အထိုး၊ အရိုက် ခံထားရကြောင်း သိရသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ လိုက်သွားခဲ့သည်။

          ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တံခါးပိတ်ထားသဖြင့် အပြင်ပြတင်းပေါက်မှ ချောင်းကြည့်ရာတွင် မောင်.........(၁၇) နှစ် အား ပါးကို အချက်ပေါင်းများစွာ ရိုက်နှက်နေသဖြင့် မောင်.......မှ လက်ဖြင့်ကာကွယ်ရာတွင် အရန်မီးသတ်(စုံစမ်းဆဲ)မှ ၀င်ရောက်ကာ လက်သီးနှင့်ထိုး၊ ပါးကိုထပ်မံရိုက်နှက် ခဲ့သည်။ အုပ်ချုပ်ရေးမှူးမှလည်း ဖိနပ်ဖြင့် ပါးကို ထပ်မံရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် သားဖြစ်သူမှာ ၀ဲဘက်မျက်လုံး ဖူးရောင် ညိုမည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ မောင်........(၁၇) ၏ သူငယ်ချင်း ခုနစ်ဦးခန့် ထပ်မံရောက် ရှိလာပြီး အုပ်ချုပ်ရေးမှူးရုံး အတွင်သို့ထပ်မံရောက် ရှိခဲ့ကြောင်း ရဲမှတ်တမ်းများ အရသိရသည်။

          ထို့ပြင် အုပ်ချုပ်ရေးမှူးရုံး တွင်းသို့ ရောက်ရှိနေစဉ်တွင်း အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်နှစ်ဦးက မူလအရိုက်ခံရသူနှင့် သူငယ်ချင်း ခုနစ်ဦးတို့၏ ဆံပင်များကို လှီးဖြတ်ခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

          အဆိုပါ ဖြစ်စဉ်ကြောင့် သားဖြစ်သူမှာ ရွှေပြည်သာဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ) အဖြစ် တက်ရောက်ကုသ နေရသောကြောင့် ၎င်းအုပ်ချုပ်ရေးမှူးနှင့် အရံမီးသတ် နှစ်ဦးအား အရေးယူပေးပါရန် ဒေါ်. ......မှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် (ပ) ၆၉၂/၂၀၁၅ ပြစ်မှုပုဒ်မ ၃၂၅/၁၇၁/ ၁၁၄ ဖြင့် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် အမှုဖွင့်ပြီး ဒုရဲအုပ်ဇော်မင်းလှိုင်မှ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

The Messenger Media
http://messengernewsjournal.com
လက်ထိပ်ခတ်ပြီး ရိုက်နှက်သော အုပ်ချုပ်ရေးမှူးကို အမှုဖွင့်   လက်ထိပ်ခတ်ပြီး ရိုက်နှက်သော အုပ်ချုပ်ရေးမှူးကို အမှုဖွင့် Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.