အစိုးရဖွဲ့ရင် နိုင်ငံ့အကျိုးပြုမယ့် သူတွေပါနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၂၅ ရက် ညပိုင်းက RFA အဖွဲ့သား ဦးခင်မောင်စိုး နဲ့အတူတွေ့ရစဉ်။ Photo: Khin Maung Soe/RFA
NLD ပါတီအနေနဲ့  ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် အရာရာကို သိမ်းကြုံးယူသွားမှာ မဟုတ်ဘဲ လက်တွဲနိုင်မယ့်သူတွေ၊ ပါသင့်ပါထိုက်သူတွေနဲ့ မျှဝေယူသွားမှာ ဖြစ်ကြောင်း၊  အစိုးရအဖွဲ့ ဖွဲ့စည်းတဲ့ အခါမှာ  ပါတီဝင်မဟုတ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ နိုင်ငံကိုအကျိုးပြုနိုင်မယ့်သူတွေလည်း ပါဝင်ဖွယ်ရာ ရှိတယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အကျိုးစီးပွါးအတွက် လုပ်ဆောင်ရမယ့်ကိစ္စရပ်တွေ အများကြီး ရှိနေကြောင်း၊  ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့က အဓိကလိုအပ်ချက်တစ်ခု ဖြစ်ကြောင်းလည်း ပြောပါတယ်။

"တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ဟာတွေတော့ အများကြီးပဲလုပ်ရမှာ ဒေသဖွံ့ဖြိုးရေးတင် မပြီးသေး ဘူးလေ၊ အဓိကတော့ ငြိမ်းချမ်းရေးပေါ့၊ ငြိမ်းချမ်းရေးရှိရမယ် ဒေသဖွံ့ဖြိုးရေးဆိုတာ ပြောတော့ တစ်ကြောင်းတည်း ဒါပေမဲ့ အင်မတန်ကျယ်ပြန့်ပါတယ်၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အရမ်းကျယ်ပြန့်တယ်၊ အရေးကြီးဆုံးကတော့ ပြည်ထောင်စုစိတ်ဓါတ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားပြီးတော့ ဒီနိုင်ငံမှာ အမြစ်တွယ်ဖို့ပဲ"

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က တိုက်ပွဲတွေဆက်လက် ဖြစ်ပွါးနေတာနဲ့ ပတ်သက်ပြီး သဘောထား ကို မေးမြန်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောပါတယ်။

"ပြည်တွင်းစစ်ဆိုတာ တိုင်းပြည်အတွက် ဘယ်လိုမှမကောင်းနိုင်ဘူး၊ ရွေးကောက်ပွဲက ပြီးတာမှ ဘာမှမကြာသေးဘူး၊ ငြိမ်းချမ်းရေးက ဝေးနေသေးတယ်ဆိုတဲ့ ပုံစံလိုဖြစ်နေတာပေါ့၊ အဓိကတော့ ပြည်တွင်း စစ်ဆိုတာ ပြည်သူလူထုကို အရမ်းဒုက္ခပေးပါတယ်"

အစီအစဉ် အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


အစိုးရဖွဲ့ရင် နိုင်ငံ့အကျိုးပြုမယ့် သူတွေပါနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော  အစိုးရဖွဲ့ရင် နိုင်ငံ့အကျိုးပြုမယ့် သူတွေပါနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.