အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးနဲ့ တွေ့ဆုံခဲ့တာ ဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်တပ်မတော် အကြီးအကဲနဲ့ စစ်အစိုးရခေါင်းဆောင်- အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေရဲ့မြေးဖြစ်သူ ကိုနေရွှေသွေး အောင်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက သီးသန့်တွေ့ဆုံခဲ့တယ်ဆိုတာ ဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောကြားလိုက်ပါတယ်။ RFA က ထုတ်လွှင့်တဲ့… ဒီမိုကရေစီခရီးကြမ်းနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ အခုလို အတည်ပြုပြောလိုက်တာပါ။ မြန်မာသတင်းမီဒီယာတွေမှာ ကာယကံရှင်တွေဆီက အတည်ပြုချက် မရနိုင်ဘဲ ထွက်ပေါ်ခဲ့တဲ့သတင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး ကိုယ်တိုင် အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့ကြသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အခုလို အတည်ပြု ပြောဆိုအပြီးမှာ ကိုနေရွှေသွေးအောင်က… ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောခဲ့တဲ့အတွက် သူ့အနေနဲ့ ကျေးဇူးတင်ကြောင်း ဒီကနေ့ သူ့ Facebook စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။ သူ့ကို ဒေါ်အောင်ဆန်း စုကြည်က နွေးထွေးရင်းနှီးစွာ ဆက်ဆံခဲ့တဲ့အပေါ် ဝမ်းသာမိကြောင်း၊ တိုင်းပြည်အကျိုးအတွက် ကျရာကဏ္ဍ ကနေ ကူညီဆောင်ရွက်မယ့်အကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း ဒီသတင်းကြောင့်ဝမ်းသာကြမယ်လို့ မျှော်လင့်ကြောင်း ကိုနေရွှေသွေးအောင်က ရေးသားထားပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် မေလမှာ စစ်အစိုးရ အကြီးအကဲအဖြစ်ကနေ အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အချက် ၇ ချက်ပါ လမ်းပြမြေပုံနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သူဖြစ်ပြီး၊ လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေအပေါ်မှာ သြဇာအာဏာ ကြီးမားနေဆဲလို့ အများက ယူဆထားပါတယ်။ ဖိုးလပြည့်လို့ အများကသိတဲ့ ကိုနေရွှေသွေးအောင်ဟာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အားထားမှုနဲ့ ချစ်မြတ်နိုးမှု အရဆုံး မြေးတဦးလို့ လူသိများသူတဦး ဖြစ်ပါတယ်။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA


အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးနဲ့ တွေ့ဆုံခဲ့တာ ဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော   အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးနဲ့ တွေ့ဆုံခဲ့တာ ဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by THITHTOOLWIN on 22:23 Rating: 5
Powered by Blogger.