ဖားကန့်မြေပြိုမှု ၁၀၀ သေ၊ ၁၀၀ လောက် ပျောက်ဆုံးဆဲ

ရှာဖွေ ကယ်ဆယ်ရေးတွေ ပြုလုပ်နေဆဲ (Credit: AFP) 
 ကချင်ပြည်နယ် ​ဖားကန့်ဒေသမှာ ​ဖြစ်ခဲ့တဲ့ ​မြေပြိုမှုကြောင့် ​အလောင်းပေါင်း ​၁၀၀ ​လောက်ကို ​တူးဖော်ရရှိထားတဲ့အပြင် ​လူပေါင်း ​၁၀၀ ​လောက် ​ပျောက်ဆုံးနေဆဲ ​ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ​လူတွေကိုလည်း ​အသက်ရှင်လျက် ​တွေ့ရမယ့် ​အလားအလာတွေ ​နည်းပါးနေတယ်လို့ ​အာဏာပိုင်တွေက ​ပြောပါတယ်။

လူပေါင်း ​၁၀၀ ​လောက် ​ပိတ်မိနေဦးမယ်လို့ ​ခန့်မှန်းနေကြတဲ့အတွက် ​ရှာဖွေကယ်ဆယ်ရေးတွေ ​ဆက်လက် ​လုပ်ဆောင်နေပါတယ်။

ကမ္ဘာပေါ်မှာ ​အရေအသွေးအမြင့်ဆုံး ​ကျောက်စိမ်းတွေ ​ထွက်တဲ့ ​ဖားကန့်ဒေသမှာ ​စနေနေ့ ​မနက် ​လူတွေ ​အိပ်နေသေးတဲ့ ​အချိန်လောက်မှာ ​မြေပြိုမှု ​ဖြစ်ပွားခဲ့တာပါ။

တနင်္ဂနွေညနေ ​၄ ​နာရီလောက်မှာ ​အလောင်းပေါင်း ​၉၇ ​လောင်းကို ​ရရှိထားတယ်လို့ ​ဖားကန့်မြို့နယ်အရာရှိ ​ဦးတင်ဆွေမြင့် ​က ​အေအက်ဖ်ပီ ​သတင်းကို ​ပြောပါတယ်။
သေဆုံးသူ ​ဦးရေက ​၉၇ ​ယောက်ထက် ​များပြားဖို့ ​ရှိတယ်လို့လည်း ​ဆိုပါတယ်။
ကျောက်စိမ်းတူးတဲ့ ​လူတွေဟာ ​ယာယီတဲတွေ ​ထိုးပြီး ​နေထိုင်ကြလေ့ရှိသလို ​ဘယ်ကနေ ​လာပြီး ​ဘယ်နှစ်ယောက် ​ရှိသလဲ ​ဆိုတာကို ​ဘယ်သူမှ ​အတိအကျ ​မသိကြဘူးလို့လည်း ​ဆိုပါတယ်။
မြေပြိုမှု ​ဘာကြောင့် ​ဖြစ်ရသလဲ ​ဆိုတာကို ​မသိကြပေမယ့် ​မီးသတ်ဌာနက ​လူတစ်ဦးကတော့ ​အယောက် ​၁၀၀ ​လောက် ​ပျောက်ဆုံးနိုင်တယ်လို့ ​ခန့်မှန်းထားပါတယ်။


မြန်မာနိုင်ငံရဲ့ ​ကျောက်စိမ်းလုပ်ငန်းဟာ ​ပွင့်လင်းမြင်သာမှု ​နည်းတဲ့ ​လုပ်ငန်းကြီး ​ဖြစ်နေပြီး ​ဖားကန့်ဒေသက ​ထွက်တဲ့ ​ကျောက်စိမ်းအများစုကတော့ ​တရုတ်နိုင်ငံကို ​တရားမဝင် ​ရောင်းချခံနေရတယ်လို့ ​ယူဆနေကြပါတယ်။

Global ​Witness ​ဆိုတဲ့ ​သဘာဝ ​ပတ်ဝန်းကျင် ​ထိန်းသိမ်းရေး ​အဖွဲ့ရဲ့ ​အစီရင်ခံစာအရ ​မြန်မာနိုင်ငံ ​ကျောက်စိမ်းလုပ်ငန်းဟာ ​၂၀၁၄ ​ခုနှစ်တုန်းက ​ဒေါ်လာ ​၄၃ ​ဘီလီယံလောက် ​တန်ဖိုးရှိတယ်လို့ ​ဖော်ပြထားပြီး ​အဲဒီ ​တန်ဖိုးဟာ ​မြန်မာ ​တစ်နိုင်ငံလုံးရဲ့ ​GDP ​ဝင်ငွေရဲ့ ​တစ်ဝက်နီးပါး ​တန်ဖိုးရှိပါတယ်။

ဒါပေမဲ့ ​အရင်နှစ်တုန်းကတော့ ​မြန်မာ ​အစိုးရရဲ့ ​တရားဝင် ​ထုတ်ပြန်ချက်အရ ​ကျောက်စိမ်းကြောင့် ​ဝင်ငွေ ​၄.၇ ​ဘီလီယံ ​ရရှိတယ်လို့သာ ​ဖော်ပြထားတဲ့အတွက် ​Global ​Witness ​ရဲ့ ​ဖော်ပြချက်က ​အစိုးရရဲ့ ​တရားဝင် ​ဖော်ပြချက်ထက် ​၁၀ ​ဆ ​ပိုများနေတာ ​ဖြစ်ပါတယ်။

ကျောက်စိမ်းမိုင်းတွင်းမှာ ​လုပ်ကိုင်သူတွေဟာ ​အစိုးရ ​အရာရှိတွေနဲ့ ​နီးစပ်သူတွေ၊ ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အစည်းက ​အဖွဲ့ဝင်တွေနဲ့ ​ခရိုနီ ​သူဌေးတွေ ​များပြားပါတယ်။

မိုင်းလုပ်ငန်း ​လုပ်ကိုင်သူတွေဟာလည်း ​သဘာဝ ​ပတ်ဝန်းကျင်ကို ​ထောက်ထားပြီး ​လုပ်ကိုင်တာမျိုး ​ရှားပါးပြီးတော့ ​မြေစာတွေကို ​စနစ်တကျ ​စွန့်ပစ်တာမျိုးတွေ ​မလုပ်ဆောင်ကြဘူးလို့ ​ပြောဆိုကြပါတယ်။

စွန့်ပစ်မြေစာတွေကို ​ရွာသူ ​ရွာသားတွေအတွက် ​မစဉ်းစားပဲ ​ရွာနားမှာ ​စွန့်ပစ်တာတွေ၊ ​မိုင်းလုပ်ငန်းကြောင့် ​မြေယာသိမ်းပိုက်မှုတွေနဲ့ ​တခြား ​အခွင့်အရေး ​ချိုးဖောက်မှုတွေလည်း ​အများကြီး ​ရှိခဲ့တဲ့အတွက် ​သယံဇာတ ​ကျိန်စာသင့်ရာမြေ ​ဆိုပြီးတော့တောင် ​တချို့က ​တင်စားကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဖားကန့်မြေပြိုမှု ၁၀၀ သေ၊ ၁၀၀ လောက် ပျောက်ဆုံးဆဲ   ဖားကန့်မြေပြိုမှု ၁၀၀ သေ၊ ၁၀၀ လောက် ပျောက်ဆုံးဆဲ Reviewed by THITHTOOLWIN on 09:41 Rating: 5
Powered by Blogger.