ပြင်သစ်နိုင်ငံတိုက်ခိုက်ခံရမှုအပေါ် သမ္မတ အိုဘားမား ဝေဖန်


တူရကီနိုင်ငံ အင်ကာရာမြို့မှာ ဖြစ်ခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှုတွေ၊ ပြင်သစ်နိုင်ငံ အတိုက်အခိုက် ခံခဲ့ရတာတွေဟာ လွဲမှားတဲ့ အတွေးအခေါ်ပေါ်မူတည်ပြီး ယဉ်ကျေးတဲ့ ကမ္ဘာကြီးတခုလုံးကို တိုက်ခိုက်တာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

စက်မှုထိပ်သီးနိုင်ငံ ၂၀ ရဲ့ အစည်းအဝေးတက်ဖို့ တူရကီနိုင်ငံကို ရောက်လာတဲ့ အမေရိကန် သမ္မတ အိုဘားမားက တူရကီသမ္မတ Recep Tayyip Erdoğan နဲ့ တွေ့တုန်းမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားဟာ တူရကီနိုင်ငံမှာ ရုရှားသမ္မတ ပူုတင်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဆီးရီးယားစစ်ပွဲနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

ပြင်သစ်မြို့ အတိုက်အခိုက်ခံခဲ့ရတဲ့ နောက်ပိုင်း ဆီးရီးယား ပဋ္ဋိပက္ခကို ပိုပြီးတော့ အရေးတကြီးသဘောထား ဖြေရှင်းသင့်တယ်ဆိုတဲ့ အချက်အပေါ် နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်ကနေ ထုတ်ပြန်ပါတယ်။

အစောပိုင်းတုန်းကလည်း ဥရောပ ကောင်စီဥက္ကတ Donald Tusk ဆီးရီးယားထဲမှာ သဘောထား မတင်းမာတဲ့ သူပုန်အုပ်စုတွေကိုပါ ပစ်မှတ်ထားပြီ ရုရှားကနေ ဗုံးကြဲခဲ့တဲ့အတွက် ဥရောပကို ၀င်ရောက်ကြဖို့ ကြိုးစားကြတဲ့ ဒုက္ခသည်အရေအတွက် တိုးတက်များပြားလာတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တူရကီနိုင်ငံမှာ ကျင်းပတဲ့ စက်မှု အင်အားကြီး နိုင်ငံ ၂၀ ညီလာခံအတွက် တက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ပါရီမြို့ အတိုက်အခိုက်ခံရတဲ့ အကြောင်းကိုပဲ အဓိကထား ပြောကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ပြင်သစ်နိုင်ငံတိုက်ခိုက်ခံရမှုအပေါ် သမ္မတ အိုဘားမား ဝေဖန်   ပြင်သစ်နိုင်ငံတိုက်ခိုက်ခံရမှုအပေါ် သမ္မတ အိုဘားမား ဝေဖန် Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.