တိုက်ခိုက်မှုတွေကို ဆီးရီးယားထဲကနေ စီစဉ်တာလို့ ပြင်သစ် ၀န်ကြီးချုပ်ပြော


 ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ အစ္စလာမ်မစ်နိုင်ငံအဖွဲ့ IS စစ်သွေးကြွတွေရဲ့ သောကြာနေ့ တိုက်ခိုက်မှုတွေဟာ ဆီးရီးယားနိုင်ငံထဲကနေ အစီအစဉ်ချ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြင်သစ်ဝန်ကြီးချုပ် Manuel Valls က ပြောကြားလိုက်ပါတယ်။

ပြင်သစ်နဲ့ တခြား အီးယူနိုင်ငံတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ် အသစ်တွေ လုပ်ဖို့ စီစဉ်နေတယ်လို့ အာဏာပိုင်တွေက ယုံကြည်ကြောင်း သူက ပြောကြားပါတယ်။

ပြင်သစ်နိုင်ငံတ၀န်းမှာ တနင်းလာနေ့ မနက်အစောပိုင်းက သံသယရှိတဲ့ စစ်သွေးကြွတွေအပေါ် ရုတ်တရက် ၀င်ရောက်တိုက်ခိုက် စီးနင်းမှု အကြိမ်ပေါင်း ၁၅၀ လုပ်ခဲ့တယ်လို့လည်း မစ္စတာ Valls က ပြောပါတယ်။

Bataclan ကပွဲရုံခမ်းမ နဲ့ အနီးနားက စားသောက်ဆိုင်တစ်ခု၊ the Stade de France ဘောလုံးကွင်း တို့မှာ IS တို့လက်ချက် ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့လို့ လူပေါင်း ၁၂၉ ဦး သေဆုံးခဲ့ပါတယ်။

ပြင်သစ်နိုင်ငံကတော့ အခုလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ IS အဖွဲ့ရဲ့ လွတ်မြောက်နေတဲ့ အဖွဲ့ဝင်တွေနဲ့ ကြံရာပါတွေကို ဖော်ထုတ်ရှာဖွေနိုင်ဖို့ အကြီးအကျယ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်စ်ဆဲလ် မြို့ မှာ မွေးဖွားတဲ့ အသက် ၂၆ နှစ် အရွယ် Salah Abdeslam ဆိုသူကို အဓိက သံသယရှိသူအဖြစ် ရဲတွေက ဖော်ပြခဲ့ပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်ပေါ်အပြီး နောက်ပိုင်းမှာ Salah Abdeslam လိုက်ပါလာတဲ့ ကား ကို ပြင်သစ်ရဲတွေက ရပ်တန့် စစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်လို့ ပြောဆိုထားတဲ့ IS စစ်သွေးကြွတွေရဲ့ဆီးရီးယားနိုင်ငံထဲက ခြေကုပ်မြို့ ရာခါကို ပြင်သစ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံဟာ သာမန် အကြမ်းဖက် အုပ်စုတစ်ခုမဟုတ်တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြင်သစ်ဝန်ကြီးချုပ် မစ္စတာ Valls က ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တိုက်ခိုက်မှုတွေကို ဆီးရီးယားထဲကနေ စီစဉ်တာလို့ ပြင်သစ် ၀န်ကြီးချုပ်ပြော  တိုက်ခိုက်မှုတွေကို ဆီးရီးယားထဲကနေ စီစဉ်တာလို့ ပြင်သစ် ၀န်ကြီးချုပ်ပြော Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.