မောင်တောမြို့နယ်တွင် တရားမ၀င် ၀င်ရောက်နေထိုင်သူတစ်ဦး ပုန်းအောင်းနေသည့်နေအိမ်မှ လက်နက်များသိမ်းဆည်းရမိ


 နေပြည်တော် နိုဝင်ဘာ ၁၆

 ရခိုင်ပြည်နယ် မောင်တောမြို့နယ် သံဒါကျေးရွာအုပ်စု ဒုသံဒါကျေးရွာနေ ရှားအာလောင် (၂၈ နှစ်)၏နေအိမ်၌ နိုဝင်ဘာ ၁၅ ရက် ည ၁၂ နာရီခွဲခန့်က မသင်္ကာဖွယ်ရာလူစိမ်းတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လှည့်ကင်း ဆောင်ရွက်နေသည့် အမှတ်(၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက ကျေးရွာလုံခြုံရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သွားရောက်စစ်ဆေးရာ နေအိမ် ဧည့်ခန်း၌ မြန်မာနိုင်ငံသားမဟုတ်သူ နူအာလောင်(၂၂ နှစ်)နှင့် အိပ်ခန်း အတွင်း၌ ရှားအာလောင်၏ ဇနီးနှင့် သားသမီးများကိုတွေ့ရှိရပြီး အိမ်ရှင် ရှားအာလောင်အား နေအိမ်မီးဖိုချောင်အတွင်း၌ ပုန်းအောင်းနေသည်ကို တွေ့ရှိခဲ့ရသည်။

ထို့နောက် နေအိမ်အား အသေးစိတ်ဆက်လက်ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ် အိပ်ခန်းအတွင်းရှိ အဝတ်သေတ္တာအောက်မှ Adidas တံဆိပ်ပါ အမည်းရောင် ခါးပတ်အိတ်နှင့်အတူ USA စာတန်းပါ အရှည်ရှစ်လက်မခန့်ရှိ ဆုံလည် ခြောက်လုံးပြူး လုပ်သေနတ် တစ်လက်၊ အရှည် လေးလက်မသံဖြင့် ပြုလုပ် ထားသည့် ဂျင်ကလိခြောက်ချောင်းနှင့် တစ်ဖက်နိုင်ငံသုံး ဆင်းကတ်ပါ လက်ကိုင်ဖုန်းတစ်လုံးတို့ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရှားအာလောင်အား အလယ်သံကျော်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်။

ဆက်လက်၍ အမှတ်(၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဦးစီးသည့် ရဲတပ်ဖွဲ့ ဝင်များ၊ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် သောအဖွဲ့သည် အိမ်ရှင် ရှားအာလောင်၏ နေအိမ်ခြံဝင်းနှင့် နေအိမ်အတွင်း အသေးစိတ်ထပ်မံရှာဖွေရာ နေအိမ်ရှေ့ရှိ ကွမ်းသီးပင်အောက်၌ ပီနံအိတ်ခွံဖြင့် ပတ်၍ မြေမြှုပ်ထားသော အရိုးရှစ်လက်မ၊ အသွားသုံးပေခန့်ရှိ ငှက်ကြီး တောင်ဓားတစ်ချောင်းကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မောင်တောမြို့နယ်တွင် တရားမ၀င် ၀င်ရောက်နေထိုင်သူတစ်ဦး ပုန်းအောင်းနေသည့်နေအိမ်မှ လက်နက်များသိမ်းဆည်းရမိ  မောင်တောမြို့နယ်တွင် တရားမ၀င် ၀င်ရောက်နေထိုင်သူတစ်ဦး ပုန်းအောင်းနေသည့်နေအိမ်မှ လက်နက်များသိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 06:48 Rating: 5
Powered by Blogger.