ရေကြီး၊ ရေလျှံမှုကြောင့် ရခိုင်ပြည်နယ်တွင် ဒေသစွန့်ခွာ၍ အလုပ်ရှာသူများလာ


 ရခိုင်ပြည်နယ်တွင်း ရေဘေးသင့် မြို့နယ်များတွင် စိုက်ခင်းများ၊ ကျွဲ၊နွား၊
အသားစား တိရစ္ဆာန်များ ပျက်စီး ဆုံးရှုံးမှုများနှင့် ဒေသတွင်း အလုပ်အကိုင်များ
ရှားပါးမှုကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာ၍ အောက်တိုဘာ လဆန်းပိုင်းမှ
စတင်တာ အခြားဒေသများသို့ အလုပ်သွားရောက် လုပ်ကိုင်သူ များလာကြောင်း
လူမှုကူညီရေး လုပ်ကိုင်သူများထံမှ သိရှိရသည်။

“ယခုလဆန်းပိုင်းက စတင်ပြီး သွားရောက်မှု များပြားလာတယ်။ ရေဘေးသင့်
ကျေးရွာ တစ်ရွာမှာ ပျဉ်းမျှလူ ဆယ်ဦးဝန်းကျင်ထိ သွားရောက်မှု ရှိလာတယ်” ဟု
အဆိုပါမြို့နယ်များတွင် လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေ သည့် ဦးသန်းကျော်က
 ပြောသည်။

အဆိုပါ ပြည်နယ်ရှိ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော် မြို့နယ်များတွင်
ရေဘေးဒဏ် အများဆုံး ခံစားခဲ့ရပြီး တောင်သူများနှင့် ဒေသခံအချို့မှာ
ရန်ကုန်တိုင်းဒေကြီး၊ ကချင်ပြည်နယ်၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် တရုတ်
နိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်မှု များပြားနေကြောင်း သိရသည်။

“လယ်ယာမြေ စပါးခင်းတွေ အကုန်လုံးနီးပါး ရွှံ့ဖုံးပျက်စီးသွားတယ်။ လူတွေက ထမင်းအိုး ပျက်၊
ခိုင်းကျွဲ၊ နွား တွေက သေကျေ ပျက်စီးသွားတော့ ဘယ်လို ရှေ့ဆက်လုပ်ကိုင် စားသောက်ကြမှာလဲ။
ဒီမှာက လယ်ယာလုပ်ငန်းပြီးရင် တခြား အလုပ် မရှိတော့ ပြည်ပကို သွားကြတာပေါ့” ဟု
 မြောက်ဦးမြို့နယ် ရွေထွန်းဖြူကျေးရွာမှ တောင်သူ ဦးမောင်နုက ပြောသည်။

ရေဘေးသင့်ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်မှု
အားနည်းခြင်းကြောင့် အခြား ဒေသများသို့ သွားရောက် လုပ်ကိုင်သူများလာကြောင်း
ဒေသခံများထံမှ သိရသည်။

“ပြည်တွင်းပြည်ပ အကူအညီက ရေတိုလောက်ပဲ အဆင်ပြေမယ်။ အစိုးရကလည်း
မျိုးစပါးလောက်ပဲ ပေးတယ်။ ဒီမှာက လယ်ယာမြေတွေ ရွှံ့ဖုံးသွားတာတို့၊
ဆည်ပေါက်သွားတာကို ဘယ်အစိုးရက လုပ်ပေးနိုင်မှာလဲ။ အခု လက်ရှိမှာတင်
အကူအညီတွေ ရပ်ဆိုင်းလာတော့ ဘယ်လို စားသောက်ကြမှာလဲ” ဟု မင်းပြားမြို့နယ်
 ငစရိုင်းချောင်းကျေးရွာမှ ကိုထွန်းထွန်းဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းတွင် ရေကြီးရေလျှံမှုနှင့်
ကိုမန်မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၅၆ ဦး သေဆုံးပြီး စိုက်ပျိုမြေဧက၂၁၀,၀၀၀
ပျက်စီးကာ ခိုင်း ကျွဲ၊ နွား ၄,၆၅၄ ကောင် သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့
သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်း - MMK
Photo - Narinjara
The Ladies News Journal
https://www.facebook.com/News.TheLadies
ရေကြီး၊ ရေလျှံမှုကြောင့် ရခိုင်ပြည်နယ်တွင် ဒေသစွန့်ခွာ၍ အလုပ်ရှာသူများလာ   ရေကြီး၊ ရေလျှံမှုကြောင့် ရခိုင်ပြည်နယ်တွင် ဒေသစွန့်ခွာ၍ အလုပ်ရှာသူများလာ Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.