ဥပဒေ၏ အကာအကွယ်ကို ပြည်သူတို့ အပြည့်အဝ မရနိုင်တဲ့ အခါကြတော့ အချင်းချင်း ပြန်စောင့်ရှောက်ကြရန် ၈၈ ငြိမ်းပွင့်ခေါင်းဆောင် ကိုမင်းကိုနိုင် မှာကြား


 ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်လူနာဌာနတွင် ဆေးကုသမှု ခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် ပါတီဝင်တချို့ကို သွားရောက်အားပေး ခဲ့ပြီးနောက် သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ကိုမင်းကိုနိုင်ပြောကြား ခဲ့သည်များမှ ကောက်နှုတ်ဖေါ်ပြပေးလိုက်ပါသည်။

"……ကျနော်အရေးပေါ်ခန်း ထဲကိုဝင်ကြည့်ခဲ့ပြီးပါပြီ။ တာဝန်ခံ ဆရာဝန်ကြီးနဲ့ လဲတွေ့ခွင့်ရခဲ့ပါတယ်။ ခန္ဓာကိုယ်နဲ့ လက်မှာရတဲ့ ဒါဏ်ရာတွေအပြင် မျက်နှာမှာ ဓါးဒါဏ်ရာရှိတယ်လို့ပြောပါတယ်။ ဦးနှောက် ထဲကိုသွေးယိုစိမ့်မှုမရှိဘူးလို့သိခဲ့ရပါတယ်။ သူတို့ဂရုတစိုက်နဲ့ ကုသပါ့မယ်၊ စောင့်ရှောက်ပါ့မယ်လို့ဂတိစကားပေးလိုက်ပါတယ်……"။

"……အားလုံးဟာညဏ်ပညာနဲ့၊ သတိတရားနဲ့ထိန်းကြဖို့လဲ ကျနော် မေတ္တာရပ်ခံချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အဓိကနဲ့ သာမညကိုခွဲကြရလိမ့်မယ်။ ဘာမဆိုငုံ့ခံရလိမ့်မယ်လို့ မဆိုလိုဘူး။ ဒါပေမယ့် ကျနော်တို့ ညီညတ်မှုကိုပြရမယ်၊ သတ္တိကိုလဲပြရမယ်၊ အရေးအကြောင်း ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်စောင့်ရှောက်ကြတယ် ဆိုတာ ပြရမယ်။ ဥပဒေရဲ့စောင့်ရှောက်မှုကို အပြည့်အဝ မရနိုင်တဲ့ အခါကြတော့ အချင်းချင်းပြန်စောင့်ရှောက်ကြ ရလိမ့်မယ်။ စောင့်ရှောက်ခြင်းနဲ့ အတူ ထိန်းကြောင်းခြင်းလဲပါ ကြရလိမ့်မယ်……"။

"……ဖြစ်ပေါ်လာမယ်အန္တာရာယ်အားလုံးကိုကျနော်တို့ကြို စဉ်းစားထား ရမယ်။ ကျနော်တို့ရှေ့ဆက်ပြီးချီတက်ကြရမှာပဲ။ အရင်ထက်စာရင်တော့ ပိုပြီးသတိထားကြရလိမ့်မယ်……"။

"……တစ်ယောက်နဲ့တစ်ယောက်သတင်းပေးရင် မှန်ကန်တဲ့ သတင်းမျိုးကိုသာ ပေးကြပါ။ ရည်ရွယ်ချက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မှားတဲ့ သတင်းမျိုးပေးမိတယ်ဆိုရင် မလိုလားအပ်တာမျိုးတွေ ကျနော် မဖြစ်စေချင်ဘူး……"။ ဟု ၀ိုင်းဝန်းမေးမြန်းကြသည့် မီဒီယာများကို ကိုမင်းကိုနိုင်မှ ဖြေကြားခဲ့သည်။

Ref - ကိုပဏ္ဍိတ်ထွန်း (၈၈ ငြိမ်းပွင့်)

The Ladies News Journal
https://www.facebook.com/News.TheLadies
ဥပဒေ၏ အကာအကွယ်ကို ပြည်သူတို့ အပြည့်အဝ မရနိုင်တဲ့ အခါကြတော့ အချင်းချင်း ပြန်စောင့်ရှောက်ကြရန် ၈၈ ငြိမ်းပွင့်ခေါင်းဆောင် ကိုမင်းကိုနိုင် မှာကြား  ဥပဒေ၏ အကာအကွယ်ကို ပြည်သူတို့ အပြည့်အဝ မရနိုင်တဲ့ အခါကြတော့ အချင်းချင်း ပြန်စောင့်ရှောက်ကြရန် ၈၈ ငြိမ်းပွင့်ခေါင်းဆောင် ကိုမင်းကိုနိုင် မှာကြား Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.