KIA မုန်းကို ဒေသသို့ အစိုးရတပ် စစ်ကူများပို့၊ (၄)နေရာ တိုက်ပွဲ ဖြစ်နေ


 ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း KIA မုန်းကို ဒေသသို့ ယမန်နေ့ည အစိုးရတပ် စစ်ကူများ ပို့ထားပြီးနောက် ယနေ့ မနက်ပိုင်း (၄)နေရာတွင် တိုက်ပွဲဖြစ်ပွားနေပါသည်။

ကွတ်ခိုင်ဘက်မှ စစ်ကား(၁၆)စီးခန့်ဖြင့် အစိုးရတပ် စစ်ကူများသည် ယမန်နေ့ ညအချိန် မုန်းကို သွားလမ်း ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ပန်ဆိုင်း(ကြူကုတ်) ကြား နမ်တောင်း (Nam Tau) ကျေးရွာသို့ ၀င်ရောက်လာပြီး ယင်းနောက် ယနေ့ မိုးမလင်းမီ စစ်ကြောင်း(၂)ကြောင်း ခွဲ၍ KIA အမာခံစခန်းရှိရာ လွယ်ဂျုံဘွမ်တောင် (Loi Jung Bum) သို့ ပြန်လည်ထွက်ခွာသွားကြောင်း နမ်တောင်း ဒေသခံများဆိုပါသည်။

စစ်ရေး မဟာဗျူဟာအရ အရေးပါသော Loi Jung Bum တောင်သည် မုန်ဘော် (Mung Baw)နှင့် မုန်းကို (Mong Ko) ကြား တည်ရှိသည်။ ၎င်း တောင်သို့ ပန်ဆိုင်း(ကြူကုတ်)-ခလွမ်(Hka Lum) လမ်းကြောင်းနှင့် မုန်ဘော်(Mung Baw) လမ်းကြောင်း နှစ်ဘက်မှချီတက်လာစဉ် KIA တပ်ရင်း(၃၆) တပ်ဖွဲ့များနှင့် ယနေ့ မနက်ပိုင်း တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်သည့်နေရာသည် နမ်တောင်းကျေးရွာ အနီး အရှေ့ဘက် ဖာဟိုးဘွမ် (Hpa Hu Bum)နှင့် ၎င်းကျေးရွာ အရှေ့တောင်ဘက် မုန်ဘော်(Mung Baw) ကျေးရွာ ပတ်ဝန်းကျင်(၃) နေရာ (Man Kang Bum၊ Ying La Bum၊ Loi Lawm Bum) တို့တွင် ဖြစ်သည်ဟု မုန်းကို ဒေသ KIA အရာရှိများ အတည်ပြုပါသည်။

Loi Jung Bum တောင်ခြေတွင် စက်တင်ဘာ(၁၁)ရက်၊ တနင်္လာနေ့ ဖြစ်ပွားသော တိုက်ပွဲ ပြင်းထန်ပြီး နောက်ဆုတ်သွားသော အစိုးရစစ်ကြောင်းမှ လက်နက်အချို့ KIA မှ သိမ်းဆီးရရှိခဲ့ကြောင်း ကချင်ပြည်နယ် KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ကချင်သတင်းဌာန KNG ကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄) နယ်မြေနှင့် မုန်းကို-ဖောင်းဆိုင် ဒေသများအတွင်း “မည်သည့်အဖွဲ့မှ (၃)ရက် အထက် စခန်း (post) ချခြင်း မပြုလုပ်ရန်နှင့် လက်နက်နှင့်လူ(၅)ယောက် အထက် စည်းရုံး စုဖွဲ့ခြင်း မပြုလုပ်ရန်” အစိုးရတပ်၏ သတိပေးထုတ်ပြန်ချက်လည်း ရှိနေသည်ဟု ဒေသခံများ ဆိုသည်။

ယခုလို မုန်းကို ဒေသတွင် အစိုးရတပ်နှင့် KIA ကြား တိုက်ပွဲ ပြင်းထန်လာနေချိန် ထူးထူးခြားခြား တရုတ် စစ်တပ်က ပန်ဆိုင်း(ကြူကုတ်)မှ ဖောင်းဆိုင်ထိ နယ်စပ်တလျှောက် တပ်စခန်းများ ချထားကြောင်း ဒေသခံများပြောပါသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကြား တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA နောက်ဆုံးအဆင့် လက်မှတ်ရေးထိုးရန် သဘောတူညီချက် မရပဲ ညှိနှိုင်းဆဲဖြစ်နေချိန် အစိုးရတပ်နှင့် တိုက်ပွဲများ ပလောင်(တအောင်း) ဒေသနှင့် ကိုးကန့်ဒေသများတွင်လည်း ဆက်လက် ဖြစ်ပွားနေသည်။

Kachin News Group
http://kachin.kachinnews.com

KIA မုန်းကို ဒေသသို့ အစိုးရတပ် စစ်ကူများပို့၊ (၄)နေရာ တိုက်ပွဲ ဖြစ်နေ  KIA မုန်းကို ဒေသသို့ အစိုးရတပ် စစ်ကူများပို့၊ (၄)နေရာ တိုက်ပွဲ ဖြစ်နေ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.