ရေဘေး ဒုက္ခသည်များအတွက် ချွေးနည်းစာ လုပ်အားခကို လှူဒါန်းပေးနေသည့် ရေသန့်တွန်းလှည်းသမား ကိုရဲဝင်း


 ရေဒီယိုများ၊ တီဗွီရုပ်သံများ သတင်းမီဒီယာများမှ ရေးသားဖော်ပြလျှက်ရှိသည့် ရေဘေးသင့်ပြည်သူများ နှင့် ပတ်သတ်သည့်သတင်းများမှာ ယခုရက်ပိုင်းအတွင်း နားနှင့် မဆန့်အောင်ကြားနေ၊ မြင်နေရသည်။ သို့အတွက်ကြောင့် သဒ္ဒါတရားတွင် လက်မနှေးတက်သည့် ဗုဒ္ဒဘာသာ ပီပီ မိမိတက်နိုင်သည့်ဘက်မှ လမ်းပေါ်သို့တက် အလှူခံကြတော့သည်။ ထိုအထဲတွင် ပရဟိတစိတ်ဓါတ်အပြည့်အ၀ရှိသူ ရေသန့်တွန်းလှည်းသမား ကိုရဲဝင်းအပါအ၀င် ဖြစ်သည်။


တနေ့လုံးမှ ရေသန့်ရောင်းရငွေ ၇ ထောင် နှင့် ၈ ထောင် ကြားသာရှိသော်လည်း မိမိ၏လုပ်အားခငွေများကို ပန်းဆိုးတန်း အလယ်ဘလောက် လမ်းပေါ်ရှိ ရေဘေးဒုက္ခသည်များအတွက် အလှူခံဌာနသို့ ပေးအပ်လှူဒါန်းနေကြောင်း ကိုရဲဝင်းက ပြောပြသည်။
“ကျွန်တော် ဒီမြို့ထဲ ရေရောင်းလာတာတောင် လမ်းစရိတ်ကို အိမ်က ပိုက်ဆံယူလာတာ။ ဒီရေသန့်ရောင်းလို့ရတဲ့ အထဲက ယူသုံးမိမှာစိုးလို့”ဟု ကိုရဲဝင်းက ပြောပြသည်။

၎င်းသည် ဒလမြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ စံပါယ်မြိုင်လမ်းတွင် နေထိုင်သူဖြစ်ပြီး အဆိုပါနေရပ်မှ ရန်ကုန်မြို့ ထဲသို့ သင်္ဘောစီး၍လာကာ ရေသန့်ရောင်းပြီး အသက်မွေးနေသူတဦးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေဘေးဒုက္ခကို အနယ်နယ် အရပ်ရပ်တွင် ခံစားနေရချိန်တွင် မနေသာတော့ဘဲ မိမိ၏နေ့စဉ် ၀င်ငွေများကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်ဟု စဉ်းစားမိခဲ့ကြောင်း ကိုရဲဝင်းက ပြောပြသည်။

တလမ်းဝင်တလမ်းထွက် ချွေးအပြိုက်ပြိုက်ကျကာ ရေသန့်ဘူးးကြီးများ ဆယ်ဘူးထက် မနည်းတင်ထားသည့် ရေစည်တွန်းလှည်းအား တွန်းရင်း ရေဘေးသင့် ပြည်သူများအတွက် အလှူခံနေသည့် ကိုရဲဝင်းက ပရဟိတအလုပ် ပြုလုပ်ခဲ့ပုံနှင့်ပတ်သတ်၍ ယခုကဲ့သို့ ဆက်လက်ပြောပြသည်။

“ကျွန်တော်က ကိုယ်တိုင်လှူဖို့ ပိုက်ဆံမတတ်နိုင်ဘူး။ ဒါကြောင့် ကိုယ်တက်တဲ့ လုပ်တက်တဲ့ အလုပ်အကိုင်နဲ့ လှူဒါန်းတာပါ။ ကျွန်တော်တို့ ဒီမှာ အေးအေးဆေးဆေးနေနေတဲ့အချိန်မှာ ရေဘေးသင့်ပြည်သူတွေက ဒုက္ခတွေ ရောက်နေရတယ်။ ဘယ်အချိန်စားလို့ ဘယ်အချိန် အိပ်ရမလဲမသိ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အခုလို ချွေးနည်းစာနဲ့လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တာ”ဟု ၎င်းကပြောသည်။

ကိုရဲဝင်းသည် နေအိမ်မှ နံနက် ၇ နာရီတွင် စထွက်ကာ မြို့ထဲသို့ ၇ နာရီခွဲခန့်တွင်ရောက်ရှိပြီး ရေသန့်ကုမဏီမှ ရေသန့်ဘူးများကိုယူကာ တနေကုန်လုံး ကျောက်တံတားမြို့နယ်၊ ပန်းဘန်းတန်းမြို့နယ် စသည့်မြို့နယ်များတွင် လှည့်လည်ရောင်းချကာ ညနေ ၅ နာရီဝန်းကျင်တွင် အလုပ်ရပ်နားသည်။ ထို့နောက် ရရှိလာသည့် မိမိ ၀င်ငွေထဲမှ ရသမျှအမြတ်ငွေများကို လှူဒါန်းသည်။

သြဂုတ် ၆ ရက်နေ့အထိ တရားဝင်သတင်းများအရ ရေဘေးကပ်ကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးသင့်သူ အိမ်ထောင်စု နှစ်သိန်းခွဲနီးပါး ရှိပြီး၊ သေဆုံးသူ ဦးရေ ၆၉ ဦး အထိ ရှိလာကြောင်း သိရသည်။

သို့အတွက်ကြောင့် တနိုင်ငံလုံးမှ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် အစားအသောက်၊ အ၀တ်အထည် ၊ ဆေးဝါးများ ထောက်ပံ့နိုင်ရန် ပြည်သူများအနေနှင့် မိမိ တက်နိုင်သည့်ဘက်မှ ကြိုးစား၍ အကူအညီပေးလျှက်ရှိကြရာတွင် ရေသန့်တွန်းလှည်းသမား ကိုရဲဝင်းသည်လည်း တဦးလည်းအပါအ၀င်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရေဘေး ဒုက္ခသည်များအတွက် ချွေးနည်းစာ လုပ်အားခကို လှူဒါန်းပေးနေသည့် ရေသန့်တွန်းလှည်းသမား ကိုရဲဝင်း  ရေဘေး ဒုက္ခသည်များအတွက် ချွေးနည်းစာ လုပ်အားခကို လှူဒါန်းပေးနေသည့် ရေသန့်တွန်းလှည်းသမား ကိုရဲဝင်း Reviewed by သစ်ထူးလွင် on 21:03 Rating: 5
Powered by Blogger.