သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းတွေကို ဒေသခံသောင်းနဲ့ချီ လက်မှတ်ထိုးကန့်ကွက်

 သံလွင်မြစ်တစ်နေရာကို တွေ့ရစဉ်။ Photo: Nay Thwae/RFA
 သံလွင်မြစ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေကို ကန့်ကွက်ကြောင်း ရှမ်းပြည်နယ်က ဒေသခံ တိုင်းရင်းသား ၂၃၀၀၀ ကျော်က စုပေါင်းလက်မှတ်ထိုးပြီး မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်သက်ရောက်မှု ဆန်းစစ်ချက်တွေ လုပ်ဆောင်နေတဲ့ သြစတြေးလျနိုင်ငံက SMEC ကုမ္ပဏီကို ပေးပို့ လိုက်ပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းတွေတည်ဆောက်ရင် ကျေးရွာတွေတော်တော်များများ ပြောင်းရွှေ့ပေးရ မှာဖြစ်တဲ့အတွက် ကန့်ကွက်ကြတာဖြစ်လို့ စာပေးပို့ခဲ့တဲ့ သံလွင်မြစ်လှုပ်ရှားမှုကွန်ရက်က မနန်းခမ်းနောင့် က ပြောပါတယ်။

"ဒီရေကာတာဆောက်မယ်ဆိုရင် ဒေသခံတွေရဲ့ လယ်ယာမြေတွေလည်း အကုန်လုံး ရေအောက်မြှပ်သွားနိုင် တယ်၊ သဘာဝပတ်ဝန်းကျင် သစ်တောတွေပေါ့နော် အကုန်လုံးရေအောက်မြှပ်သွားနိုင်တယ်၊ ဒေသခံတွေက ဒီရေကာတာကို လက်မခံနိုင်တဲ့အကြောင်းကို လက်မှတ်ရေးထိုး ကန့်ကွက်ပါတယ် ဆိုပြီးတော့မှ သူတို့ကိုယ်စား စာလာတင်ပေးတာ"

SMEC ကုမ္ပဏီဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမယ့် မဂ္ဂါဝပ် ၇၁၀၀ ကျော် ထုတ်လုပ်မယ့် ရှမ်းပြည်နယ်က မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်တွေကို ပြီးခဲ့တဲ့ မတ်လကစပြီး ကောက်ယူနေတာဖြစ်ပါတယ်။ အဲဒီကုမ္ပဏီက လူထုတွေ့ဆုံပွဲတွေ မှာ ရေအားလျှပ်စစ်စီမံကိန်း ကောင်းကျိုးတွေကိုသာပြောပြီး ဆိုးကျိုးတွေ မပြောဘူးလို့ သိရပါတယ်။ သံလွင်မြစ်ကြောင်းတလျှောက်မှာဆိုရင် ကွမ်းလုံ၊ တာဆန်း၊ မန်းတောင်၊ မိုင်းတုံ၊ ရွာသစ်နဲ့ ဟတ်ကြီး စတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ တည်ဆောက်ဖို့ မြန်မာနိုင်ငံအစိုးရက ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ကုမ္ပဏီတွေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အဲဒီစီမံကိန်းတွေက ရရှိမယ့်လျှပ်စစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို တင်ပို့မှာလည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းတွေကို ဒေသခံသောင်းနဲ့ချီ လက်မှတ်ထိုးကန့်ကွက်  သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းတွေကို ဒေသခံသောင်းနဲ့ချီ လက်မှတ်ထိုးကန့်ကွက် Reviewed by THITHTOOLWIN on 02:50 Rating: 5
Powered by Blogger.