စင်ကာပူလက်ဝတ်ရတနာပြပွဲ၌ မြန်မာ့ပတ္တမြားအရိုင်း စိတ်ဝင်စားမှုများပြား


မြန်မာနိုင်ငံ မိုးကုတ်ဒေသမှ တွေ့ရှိခဲ့သော ကာရက် ၉၅ဝရှိသည့် ရှားပါး မြန်မာ့ပတ္တမြားအရိုင်းတစ်ပွင့်ကို ဇူလိုင် ၂ ရက်က ဖွင့်လှစ်ခဲ့သည့် စင်ကာပူ အပြည်ပြည်ဆိုင်ရာ လက်ဝတ်ရတနာပြပွဲ (SIJE) ၌ ခင်းကျင်းပြသထားရာ ပြပွဲလာပရိသတ်များ၏ စိတ်ဝင်စားမှုအများဆုံးရရှိနေကြောင်း သိရသည်။

ရှားပါးလက်ဝတ်ရတနာများနှင့် တစ်ပွင့်လျှင် အမေရိကန်ဒေါ်လာ ၁ သန်းကျော်တန်သည့် အရောင်အသွေးစုံ ကျောက်မျက်ရတနာများ အပါအဝင် အီတလီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ အစရှိသော နိုင်ငံ ၂၆ နိုင်ငံမှ ပြပွဲတင်သူ ၂ဝဝ က အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ထက်မနည်း တန်ကြေးရှိသော လက်ဝတ်ရတနာများ ခင်းကျင်းပြသထားသည့် ယင်းပြပွဲအား ဇူလိုင် ၂ ရက်မှ ၅ ရက်ထိ Marina Bay Sands Convention Center ၌ ကျင်းပလျက်ရှိသည်။ ပြီးခဲ့သည့် မေလအတွင်းကလည်း ခိုသွေးရောင် ရှားပါးမြန်မာ့ပတ္တမြား လက်စွပ်တစ်ကွင်းအား ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသည့် Sotheby လေလံပွဲ၌ ကမ္ဘာ့စံချိန်တင်ဈေး အမေရိကန်ဒေါ်လာ သန်း ၃ဝ ကျော်ဖြင့် ရောင်းချခဲ့သေးသည်။ မြန်မာ့ပတ္တမြားများမှာ အရည် အသွေးကောင်းမွန်မှုကြောင့် ကမ္ဘာ့ကျောက်မျက်ရတနာ ဈေးကွက်တွင် အမြင့်ဆုံးဈေးဖြင့် ရောင်းချလေ့ရှိသည်။

မလေးရှား လက်ဝတ်ရတနာကုမ္ပဏီ Jeweller DeGem က ခင်းကျင်း ပြသထားသော အဆိုပါ မြန်မာ့ပတ္တမြားအရိုင်းပွင့်အပြင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်းထိ တန်ကြေးသတ် မှတ်ထားသော ရှားပါးမြန်မာ့ပတ္တမြားလက်စွပ်တစ်ကွင်းနှင့် စိန်ပွင့်များ၊ “Pinnnacle of the Ocean” ဟု အမည်ပေးထားသည့် အမေရိကန်ဒေါ်လာ ၂ သန်းတန်ကြေးရှိသော ၃၈ ကာရက်ရှိ မြန်မာနိုင်ငံထွက် နီလာတစ်ပွင့်ကိုလည်း ခင်းကျင်းပြသထားသည်။ လေးရက်ကြာကျင်းပမည်ဖြစ်သည့် စင်ကာပူနိုင်ငံ၏ အကြီးမားဆုံးသော အဆိုပါလေးကြိမ်မြောက် လက်ဝတ်ရတနာနှင့် ကျောက်မျက် ပြပွဲသို့ စိတ်ပါဝင်စားသူ ၁၅ဝဝဝ လာရောက် ကြည့်ရှုမည်ဟု မျှော်မှန်းထားသည်။

သုတ
The Mirror Daily
https://www.facebook.com/TheMirrorDaily
စင်ကာပူလက်ဝတ်ရတနာပြပွဲ၌ မြန်မာ့ပတ္တမြားအရိုင်း စိတ်ဝင်စားမှုများပြား  စင်ကာပူလက်ဝတ်ရတနာပြပွဲ၌ မြန်မာ့ပတ္တမြားအရိုင်း စိတ်ဝင်စားမှုများပြား Reviewed by သစ်ထူးလွင် on 09:10 Rating: 5
Powered by Blogger.