အစိုးရတပ်မတော် နှင့် ဒီကေဘီအေ တပ်မတော် တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ


ဇူလိုင် ၆ရက်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာအနီးရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)နှင့် အစိုးရ တပ်မတော်တို့ကြား ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်ဟု ဒီကေဘီအေမှ ကလိုထူးဝါးဗျူဟာ ထောက်လှမ်းရေးမှူး ဗိုလ်ကြီးစောသရီးထူးက ပြောသည်။

၎င်းက “မနက် ၁၁နာရီလောက်က တခေါက်ဖြစ်တယ်။ မွန်းလွဲ ၂ ရီနာရီကစပြီး အခုထိ(၄နာရီခွဲ)ပစ်တုန်းပဲ။ ၄ နေရာကနေ ကျနော်တို့ကို ၀ိုင်းပစ်ကြတယ်။ မနက်ကတော့ ကျနော်တို့မပစ်ဘူး။ အခုက ထိပ်တိုက် တိုက်ပွဲပါ။ တိုက်ပွဲအရှိန်က မြှင့်သထက်မြှင့်လာပြီ၊ အရှိန်လျော့လာဖို့ အခြေအနေ မပေါ်သေးဘူး။ ဒီနေ့ ကျနော်တို့ ထိခိုက်တာမရှိဘူး״ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းဒေသရှိ တောင်သုံးလုံး၊ တောင်ပြတ်၊ အောက်ဘိုတဲနှင့် ၉၇တပ်စခန်းမှ အစိုးရတပ်မတော် စစ်ဆင်ကွပ်ကဲမှုဋ္ဌာနချုပ်(စကခ-၁၂)လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ၂၃၁၊ ၂၉၀၊ ၂၇၅၊ ၅၄၁နှင့် ၅၄၉တို့က ၁၂၀ မမ၊ ၈၀ မမ၊ ၁၅၅ မမ၊ ၈၁ မမနှင့် ၆၀မမ စသည့်အမြှောက်လက်နက်များဖြင့် လှမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ကြီး စောသရီးထူးက ပြောသည်။

ယခုလို တိုက်ပွဲဆက်လက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထိုဒေသရှိ အစိုးရ တပ်မတော်အား ကေအိုင်စီမှ ဆက်သွယ်မေးမြန်း၍ မရရှိပါ။
ထို့အပြင် တိုက်ပွဲအရှိန်မြင့်လာမှုကြောင့် ကော့ကရိတ်နှင့် မြ၀တီဆက်သွယ်ထားသည့် တောင်ပတ်လမ်းနှင့် တောင်ပေါ်လမ်းတို့ကို အသုံးပြုသူ မရှိတော့သဖြင့် ကုန်သည်များနှင့် ခရီးသည်များအတွက် ဒုက္ခရောက်နေရသည်ဟု ကားမောင်းသူ တစ်ဦးဖြစ်သူ ကိုဇော်သူရက ပြောသည်။

သူက “လမ်းမပွင့်တော ခရီးသွားတွေမြဝတီမှာသောင်တင်နေတယ်။ ဘန်ကောက်ကပြန်လာတဲ့သူဆိုရင် စရိတ်တွေကများတော့ စားသောက်စရိတ်တွေ၊ တည်းခိုးခန်းတွေမြှင့်တက်လာတယ်။ ခွင့်ရလို့ပြန်လာတာ အိမ်ကမိဘတွေလည်းစိတ်မပူရအောင်လမ်းကို အမြန်ဆုံးပြန်ဖွင့်ပေးပြီးတော့ခရီးသွားတွေကို မတိုက်ခိုက်ပဲဘေးကင်းအောင်ကူညီပေးစေချင်ပါတယ်။״ဟု ပြောသည်။

ဇွန်လ ၂ရက်နေ့က ကော့ကရိတ်-မြ၀တီ အဝေးပြေးလမ်းမကြီး ကော့ကရိတ်အထွက် တတန်ကူးဂိတ်ရှိ ဒီကေဘီအေ တပ်မတော်နှင့် အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ခရီးစဉ်အတွက် လမ်းကင်း လာယူကြသည့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရက်သတ္တပတ်နီးပါးခန့် ဖြစ်ပွားနေသည့် တိုက်ပွဲကို ရပ်တန့်ရန် ဒီကေဘီအေ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် အစိုးရ တပ်ဘက်ဆိုင်ရာ တာဝန်ရှိသူတို့အကြား ညှိနှိုင်းအဖြေရှာရန် ကြိုးပမ်းလုပ်ဆောင်နေသည့်တပြိုင်နက် ယခုလို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပေါ် တကျော့ပြန် တိုက်ပွဲ ပြင်းထန်လာမည်ကို ဒေသခံပြည်သူက စိုးရိမ်နေကြသည်။

(ကေအိုင်စီ) - KIC News
http://kicnews.org
အစိုးရတပ်မတော် နှင့် ဒီကေဘီအေ တပ်မတော် တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ  အစိုးရတပ်မတော် နှင့် ဒီကေဘီအေ တပ်မတော် တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ Reviewed by သစ်ထူးလွင် on 17:07 Rating: 5
Powered by Blogger.