မလေးရှားသွားမည့် လှေစီးသူ ဘင်္ဂါလီများ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာ

Photo - MOIမောင်တောမြို့နယ်အနီး ဖမ်းဆီးရမိခဲ့သော လှေပေါ်တွင် တွေ့ရှိရသည့် မလေးရှားနိုင်ငံသို့ သွားရောက်မည့် ဘင်္ဂါလီများကို တွေ့ရစဉ်
မေလ ၂၁ရက် မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်အတွင်း မသင်္ကာဖွယ်ရာ လှေနှစ်စီးကို တွေ့ရသောကြောင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ လှေပေါ်တွင် ဘင်္ဂါလီ
နှစ်ရာကျော်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဘင်္ဂလီများအား စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အငူမော်ကျေးရွာသို့ ခေါ်ဆောင်လာခဲ့ပြီး၊ ယနေ့ နံနက်ပိုင်းတွင် အလယ်သံကျော်ကျေးရွာ သို့ပြောင်းရွေှ့ထားကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ရွှေသန်းက Rakhine News Agency သို့ပြောသည်။

“အငူမော် ဆိပ်ကမ်းကိုတော့ ဒီမနက် နှစ်နာရီကျော်မှာ ရောက်တယ်။ အလယ်သံကျော်မှာ ကယ်ဆယ်ရေး စခန်းဖွင့်ထားပြီး မောင်တောက UNHCR အပါအ၀င်နိုင်ငံတကာ အဖွဲ့အစည်းပေါင်းစုံက ကူညီထားတယ်။ လှေသားတွေကိုစစ်ဆေးကြည့်သလောက်တော့ လှေပေါ်မှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက လူတွေအများစု ပါတယ်လို့ပြောတယ်” ဟု ၄င်း ကပြောသည်။

စက်လှေတစ်စီးပေါ်တွင် လှေလုပ်သား ၁၁ဦး နှင့် မလေးရှားနိုင်ငံသို့ လှေဖြင့် သွားရောက်ရန် ကြိုးပမ်းသည့် ဘင်္ဂါလီ ၂၀၈ ဦး ပါဝင်ပြီး၊ ၄င်းတို့ သွားရောက်မည့် မလေးရှားနိုင်ငံ အပါအ၀င် ဒေသတွင်း နိုင်ငံများက လှေစီး၍လာရောက်သည့် ဘင်္ဂါလီများကို ၀င်ရောက်ခွင့် မပြုသောကြောင့် နေရပ်သို့ ပြန်လာစဉ် မြန်မာရေတပ် က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသော စက်လှေ၏ ပိုင်ရှင်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့မှ ဖြစ်ပြီး၊ ဧပြီ ၂၀ရက်နေ့ ကတည်းက ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရေပိုက်နက်အတွင်း ရပ်တန့်ထားခဲ့ခြင်း ဖြစ်ကာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား များမှာ လှေငယ်များဖြင့် စက်လှေသို့ အဖွဲ့လိုက် ရောက်ရှိခဲ့ကြောင်း၊ ထိုင်း၊ မလေးရှား နှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် ပင်လယ်ပြင်စစ်ဆေးမှုများ ရှိနေသောကြောင့် နောက်ကြောင်း ပြန်မောင်းနှင်လာစဉ် မြန်မာ့ရေပိုက်နက်သို့ ရောက်ရှိပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၀၈ဦး ပါဝင်ပြီး အသက် ၁၄ နှစ်ခန့် ၁၀ဦးခန့် နှင့် ကျန်လူများမှာ အသက် ၃၀နှင့် ၄၀ ကြား ဖြစ်ကြောင်း၊ ၄င်းတို့သည် ကော့ဘဇား၊ စစ်တကောင်း နှင့် ဒါကာမြောက်ခြမ်းတွင် နေထိုင်သူများ ဖြစ်ကြောင်း၊ အခြား စက်လှေ တစ်စီးမှာ ရိက္ခာပို့ရန် ရောက်ရှိလာခြင်းဖြစ်ပြီး ပိုင်ရှင်မှာမြိတ်မြို့မှ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

မေလ ၁၇ရက်နေ့ နံနက်ပိုင်းကလည်း မလေးရှားနိုင်ငံသို့ ရေကြောင်းခရီးဖြင့် သွားရောက်ရန် ကြိုးပမ်းသည့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၁၁ဦးသည် မောင်တောမြို့နယ်အတွင်းရှိ ဥဒေါင်း (အနောက်) ကျေးရွာအနီးသို့
ရေမျောကမ်းတင် ရောက်ရှိလာသောကြောင့် တာဝန်ရှိသူများက လိုအပ်သောစိစစ်မှုများ ပြုလုပ်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် ငါးဖမ်းစက်လှေ တစ်စီးဖြင့် ၄င်းတို့ လာရာလမ်းကြောင်းအတိုင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့
ပြန်လည်စေလွှတ်ခဲ့သည်။

လက်ရှိအချိန်တွင် အလယ်သံကျော်သို့ ရောက်ရှိနေပြီဖြစ်သော အဆိုပါ ဘင်္ဂါလီများနှင့် ပတ်သက်၍ အချက်အလက်များကို စိစစ်နေဆဲဖြစ်ပြီး၊ ၄င်းတို့အား တစ်ဖက်နိုင်ငံသို့ မည်သည့်အချိန်တွင် ပြန်လည်
ပို့ဆောင်မည်ကို အကြီးအကဲများက ဆုံးဖြတ်မည်ဖြစ်ကြောင်း ဒုတိယရဲမှူးကြီးရွှေသန်း ကပြောသည်။

“သူတို့ကို အလယ်သံကျော်မှာ ဒုက္ခသည်စခန်းဖွင့်ပြီး ထားလိုက်ရင် တစ်ခြား လှေစီးတဲ့ဘင်္ဂါလီတွေကိုပါ ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ်” ဟု မောင်တောမြို့ခံတစ်ဦး ကသုံးသပ်သည်။

အာဆီယံ ဒေသတွင်း နိုင်ငံများဖြစ်သည့် မလေးရှား၊ ထိုင်း နှင့် အင်ဒိုနီးရှား နိုင်ငံတို့က ၄င်းတို့ နိုင်ငံအသီးသီးသို့ စက်လှေများဖြင့် ရောက်ရှိလာသည့် ဘင်္ဂါလီများကို ကမ်းကပ်ခွင့်မပေးဘဲ ရေ နှင့်
စားနပ်ရိက္ခာများပေး၍ ပင်လယ်ပြင်အတွင်းသို့ ပြန်လည်စေလွှတ်နေသည်ကို ယခုလအတွင်း နိုင်ငံတကာ အသိုင်းအ၀ိုင်း က ဝေဖန်ခဲ့ကြပြီး၊ ဖိအားပေးမှုများပြုလုပ်ခဲ့သောကြောင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က အဆိုပါ လှေစီးဘင်္ဂါလီများကို ယာယီ ခိုလှုံခွင့်ပေးခဲ့သည်။

အဆိုပါဘင်္ဂါလီများသည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း စွပ်စွဲပြောဆိုမှုများ ရှိခဲ့သော်လည်း နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများက ယင်းသို့ပြောဆိုမှုများသည် တစ်ဖက်သတ်စွပ်စွဲပြောဆိုမှုများသာဖြစ်ကြောင်း တုန့်ပြန်ထားသည်။

ပင်လယ်တွင်း လှေစီးဒုက္ခသည်များသည် မြန်မာနိုင်ငံမှလာသည်ဟု စွပ်စွဲပြောဆိုနေမှုများသည် မြန်မာနိုင်ငံမှ နည်းပါးသည့် အရေအတွက် ပါဝင်ကောင်း ပါဝင်နိုင်သော်လည်း အများစုမှာ မိမိတို့နိုင်ငံမှ
မဟုတ်သည်ကို ပြတ်ပြတ်သားသား ပြောကြားလိုကြောင်း ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က မေလ ၂၁ရက်နေ့က ပြုလုပ်ခဲ့သော ပင်လယ်ပြင်အတွင်း တရားမ၀င် ရွေှ့ပြောင်းသွားလာသူများဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲရေး ကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မလေးရှားသွားမည့် လှေစီးသူ ဘင်္ဂါလီများ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာ  မလေးရှားသွားမည့် လှေစီးသူ ဘင်္ဂါလီများ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာ Reviewed by သစ်ထူးလွင် on 19:53 Rating: 5
Powered by Blogger.