မြွေပွေးနှင့်တူသော အစိုးရ


 မြန်မာနိုင်ငံရှိ မြွေများကို သရုပ်ခွဲကြည့်သောအခါ အဆိပ်ရှိသောမြွေနှင့် အဆိပ်မရှိသော မြွေဟူ၍ နှစ်မျိုးခွဲခြား နိုင်မည်ဖြစ်သည်။ အဆိပ်မရှိသောမြွေများမှာ ရေမြွေ၊ လင်းမြွေ စသည်ဖြင့်ဖြစ်သည်။ အဆိပ်ရှိသော မြွေများစွာရှိသော်လည်း အဓိက အားဖြင့် မြွေပွေးနှင့်မြွေဟောက်ကို တွေ့မြင်ရမည် ဖြစ်သည်။ နှစ်မျိုးစလုံး အဆိပ်ပြင်းတာခြင်း တူသော်လည်း စရိုက်သဘာဝအားဖြင့် မတူတာကို တွေ့ရမည်ဖြစ်သည်။ မြွေဟောက်သည် ရှူးရှူးရှားရှားနှင့် နှာမှုတ်နေလေ့ရှိသည်။ သူ့ကိုသွားထိလျှင်လည်း ချက်ခြင်းမကိုက်။ သူ့ကို အန္တရာယ်ပေးလာသည်ဟု ထင်မြင်သူကို မကိုက်ခင် ပါးပြင်းထောင်၍ သတိပေးလေ့ရှိသည်။ ထိုသို့ ပါးပြင်းထောင်သဖြင့် လူ၊ တိရိစ္ဆာန်စသောသတ္တ၀ါများသည် မြွေနှင့်ဘက်ပြိုင် ရန်မပြုလိုသောကြောင့် ၎င်း၊ ကြောက်ရွံ့ထိတ်လန့်သောကြောင့်၎င်း အချိန်မီရှောင်ကွင်းသွားလေ့ရှိသည်။ ရှောင်ထွက်ရန်အချိန်ရသည်။ မပစ်ခင်သတိပေး ခြောက်လှန့်သောသေနတ်သမားအဖြစ် မြွေဟောက်သည်ပြုမူလေ့ရှိသည်။ မြွေပွေးကားဤသို့မဟုတ်၊ သူ့ကိုမထိသရွေ့ဘာမှမလုပ်သော်လည်း သူ့ကိုနည်းနည်းထိသည်နှင့်လုံးဝအလွတ်မပေးပဲ ချက်ခြင်း တုန့်ပြန်တိုက်ခိုက်သည်။ တုန့်ပြန်လျှင်လည်း ခံရသူမှာအသက်ဆုံးသည်အထိ ဖြစ်တတ်သည်။ ကြိုတင်သတိပေးချက်လည်း မည်သည့်အခါမျှ မထုတ်တတ်ပါ။ မြွေပွေး၏သဘာဝမှာ လျှို့ဝှက်တတ်သည်။ ဆတ်ဆတ်ထိ မခံသောသဘောရှိသည်။

၁၉၆၂ ခုနှစ်နောက်ပိုင်းမှ ယနေ့ ၂၀၁၅ အထိ ကျွန်တော်တို့နိုင်ငံ၏အစိုးရအဆက်ဆက်သည် မြွေပွေးနှင့်တူသည်ဟု ထင်မြင်ယူဆမိပါသည်။ သူတို့ကိုမထိသရွေ့၊ သူတို့အကျိုးစီးပွားကို မထိသရွေ့ အားလုံးကိုလွှတ်ထားသည်။ သင်သည်ကြိုက်ရာကို လုပ်နိုင်သည်။ သူတို့အကျိုးစီးပွားကို ထိလာသည်နှင့် မြွေပွေးတစ်ကောင်လို အဆိပ်အပြည့်ဖြင့် ထပြီးပေါက်တတ်ပါသည်။ ဦးနေ၀င်းအစိုးရလက်ထက်တွင် သူ့အကျိုးစီးပွားကိုမထိခိုက်သောအခါ မှောင်ခိုစီးပွားရေး စနစ်ဆိုးကို လစ်လျှူရှုထားပါသည်။ တိုင်းပြည်စီးပွားရေးကျဆင်းမှုကို တာဝန်ယူကိုင်တွယ်ခြင်း မပြုခဲ့ပါ။ သို့သော် သူ့အကျိုးစီးပွားနှင့် အာဏာကို လာထိပါးသောအခါ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ကြိုးစင်သို့ပို့ခဲ့ပါသည်။ နိုင်ငံရေးသမားများအား ကိုကိုးကျွန်းသို့ ပို့ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲ၍ဖျက်ဆီးခဲ့ပါသည်။ ထောက်လှမ်းရေးခေါင်းဆောင် မျက်မှန်ကြီးတင်ဦးကို ရာထူးမှဖြုတ်ခဲ့ပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ဟောင်း) ဗိုလ်ချုပ်ကြီးတင်ဦးကို ရာထူးမှထုတ်ပါယ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ကြီး ကို ရာထူးမှထုတ်ပယ်ခဲ့သည်။ ၈၈ အရေးအခင်းတွင် ကျောင်းသားများကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့ပါသည်။
ဦးနေ၀င်းအစိုးရကိုဆက်ခံသော န.၀.တ၊ န.အ.ဖ စစ်အစိုးရလက်ထက်တွင် သူတို့အာဏာစက်ဝိုင်းကို မထိပါးသောအခါ တိုင်းပြည်ဘာပဲဖြစ်ဖြစ် ခရိုနီများကို စိတ်ရှိလက်ရှိ သစ်ခုတ်ခွင့်ပေးခဲ့သဖြင့် တနိုင်ငံလုံး တောများပြုန်းကာ တောင်ကတုံး၊ တောကတုံးများ ဖြစ်ခဲ့ပါသည်။ ဖားကန့်တွင် လုပ်ကွက်များအလွန်အကျွံ ချပေးမှုကြောင့် မြေပြိုမှုများ၊ ချောင်းကောမှုများ၊ သဘာဝပျက်စီးမှုများ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါသည်။ နိုင်ငံရေးမှလွဲ၍ ကြိုက်ရာလုပ်ခွင့်ပြုခဲ့သဖြင့် သစ်မှောင်ခိုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ ရာထူးအာဏာကိုသုံးကာ ကိုယ်ကျိုးရှာမှုများ အတောမသတ်အောင်ဖြစ်ခဲ့ပါသည်။ သူတို့နှင့် ပလဲနံပ သင့်သောအခါ KNU ခေါင်းဆောင်ကို ဗိုလ်ချုပ်မြဟုခေါ်ခဲ့ပါသည်။ အာဏာကိုထိပါးလာသောအခါ ငမြဟု သတင်းစာများတွင် ရေးသားခဲ့ပါသည်။ ထိုခေတ်က အာဏာရှင်ဟောင်းဦးနေ၀င်း၏ သမီးနှင့်မြေးများ ဘုန်းမီးနေလတောက်ပကာ လက်ရှိအာဏာရှင်အသိုင်းအ၀ိုင်းတခုသဖွယ် ပြုမူနေထိုင်ကာ အခွင့်ထူးများရယူနေသည်ကိုလည်း အစိုးရသည် သူတို့ကိုမထိသေးသ၍ ဘာမှမလုပ်ပဲလွှတ်ထားခဲ့ပါသည်။ ဂိုဏ်းစတားဆန်ဆန် ရမ်းကားမှုများကိုကြားရသော်လည်း ဥပဒေအရအရေးယူမှု မရှိခဲ့ပေ။ သို့သော် ဤဖြစ်ရပ်မှာ သူတို့ကိုမထိသေး၍ မကိုက်သေးခြင်းသာဖြစ်ကြောင်း မကြာခင်ပေါ်လာပါသည်။ အေးနေ၀င်း၊ ဇွဲနေ၀င်းနှင့် သူတို့၏ဖခင်၊ မိခင်တို့ အာဏာသိမ်းရန်ကြံစည်နေသည်ဟု မသင်္ကာဖြစ်သည်နှင့် တုတ်နှင့်ထိုးခံရသောမြွေပွေးတကောင်လို တုန့်ပြန်ပါသည်။ ယခင်က ဘာလုပ်လုပ် လွှတ်ထားခဲ့သော အခွင့်ထူးခံမိသားစု ချက်ခြင်းအင်းစိန်ထောင်သို့ရောက်သည်။ နေအိမ်အကျယ်ချုပ် ကျသူကကျသည်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဟူသော ဧရာမပုဒ်မကြီးဖြင့် အရေးယူခံရသည်။ တပ်မတော်၏ခေါင်းကိုင်ဖခင်ကြီး(သူတို့ဆရာကြီး) ဦးနေ၀င်းပင် နေအိမ်အကျယ်ချုပ် ကျခံရသည်။ ကွယ်လွန်ချိန်တွင် မည်သူမှလိုက်မပို့ရဘဲ မထင်မရှားသဂြိုဟ်လိုက်ရသည်။

အာဏာနှင့်အကျိုးစီးပွားဟူသောမြွေပွေးကို သွားထိသောအခါဖြစ်ပေါ်လာသည့် တုန့်ပြန်မှုတွေပင်တည်း။
ဦးနေ၀င်းမိသားစုသာမဟုတ် တပ်မတော်ထောက်လှမ်းရေးခေါင်းဆောင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်လဲ ယခင်ကနှစ်ကိုယ့်တစိတ်နေနေရာမှ မိမိကုလားထိုင်အာဏာကိုထိခိုက်လာပြီဟုထင်ရသောနေ့တွင် လျှပ်စစ်၏လျှင်မြန်ခြင်းမျိုးဖြင့် ထပေါက်ခံရသည်။ အာဏာကိုထိမလာလျှင် သူရဲကောင်း၊ အာဏာဟူသောမြွေကြီးကိုထိလာလျှင် မည်သူ့ကိုမျှအလွတ်ပေးလိမ့်မည်မဟုတ်။ လေထဲတွင်ပျံနေသောယင်ကောင်ကိုပင် မလွတ်တမ်းပေါက်နိုင်သည်။ ယခင်က ဖူးဖူးမှုတ်ခံထားရသောရဟန်းသံဃာတော်များ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် အစိုးရ၏ အာဏာနှင့်အကျိုးစီးပွားကိုထိပါးမှုကြောင့် ရက်ရက်စက်စက်နှိမ်နှင်းခံရသည်။ အာဏာ၏အဓိကခြိမ်းခြောက်မှုဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ဒီပဲယင်းတွင်ခြုံခိုတိုက်ခိုက်လုပ်ကြံခံရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင်အနိုင်ရသော လွှတ်တော်အမတ်များကို ပိုက်စိတ်တိုက်ဖမ်းဆီးထောင်ချသည်။

ယခုခေတ်တွင် ဒီမိုကရေစီအစိုးရဖြစ်သွားပြီ၊ ပွင့်လင်းမြင်သာမှုတွေရှိပြီ၊ လူ့အခွင့်အရေးတွေရှိလာပြီဟု ထင်သူကထင်ကြသည်။ တက်လာကာစက အထင်ကြီးသူက ကြီးကြသည်။ ယုံသူက ယုံကြသည်။ ကျွန်တော်မြင်တာတော့ ကျွန်တော်တို့ယခုရနေသောလွတ်လပ်မှုဆိုသည်မှာ မြွေပွေးတစ်ကောင်နှင့် တခန်းထဲဝယ်အတူနေရသော လွတ်လပ်မှုမျိုးဖြစ်သည်။ သင်သည်မြွေကိုသွားမထိခင်အချိန်အထိ လွတ်လပ်မှုကို စိတ်ကြိုက်ခံစားနိုင်သည်။ သစ်ခုတ်မလား၊ ဘဏ်ဖွင့်မလား၊ ယခင်က ဘုန်းထားသောပိုက်ဆံများကို ငွေကြေးခ၀ါချမလား၊ ရွှေသတ္တုတွင်း တူးမလား၊ ကျောက်မျက်တူးဖော်မလား၊ နိုက်ကလပ်ထောင်မလား၊ ရွှေတိဂုံဘုရားအနီးတွင် အထပ်မြင့်ကွန်ဒိုမီနီယံဆောက်မလား၊ အားလုံးကိုလွတ်လပ်စွာလုပ်နိုင်သည်။သို့သော် အစိုးရ၏ အကျိုးစီးပွားကိုတော့လာမထိနှင့် အားလုံးကိုပြင်းထန်စွာတုန့်ပြန်ပေမည်။ ထိုမူဝါဒကြောင့်ပင် လာဘ်စားသူများစွာရှိနေသည့်နိုင်ငံအတွင်းမှ သာသနာရေးဝန်ကြီး(ယခင် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဌ ) ဦးဆန်းဆင့် အရေးယူခံရသည်။ မော်စကိုကိုရောက်သွားသည်။ တပ်မတော်၏အတွင်းရေးကို ထုတ်ဖော်ရေးသားသော ပေါက်မြို့မှ Unity ဂျာနယ်သတင်းထောက်များ နရသိမ်နန်းသို့ စံမြန်းရသည်။ တိုက်ပွဲသတင်းများကို ရှာရှာဖွေဖွေလိုက်လံရေးသားသော သတင်းထောက်ကိုပါကြီး အသတ်ခံရသည်။ တပ်မတော်၏အကျိုးစီးပွားဖြစ်သော စီးပွားရေးဦးပိုင်လီမိတက်ကို ဆန့်ကျင်ဆန္ဒပြသော ရဟန်းသံဃာတော်များ လက်ပန်းတောင်းတောင်သပိတ်စခန်းဝယ် မီးလောင်ဗုံးများ ဆက်ကပ်လှူဒါန်းခံရသည်။ လက်ပန်းတောင်းတောင်အနီးတွင် သူတို့လယ်ယာများကို မြန်မာဝမ်ပေါင်ကုမ္မဏီမှ ခြံစည်းရိုးခတ်သည်ကိုတားမြစ်သော ဒေသခံတောင်သူဒေါ်ခင်ဝင်း နဖူးတည့်တည့်သို့ကျည်ဆန်အစစ်ဖြင့် ပစ်သတ်ခံရသည်။ အစိုးရ၏အကျိုးစီးပွားသည်၊ တပ်မတော်၏အကျိုးစီးပွားဖြစ်သည်။ တပ်မတော်၏အကျိုးစီးပွားသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဖြစ်သည်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏အကျိုးစီးပွားသည် မြန်မာဝမ်ပေါင်ကုမ္မဏီ၏အကျိုးစီးပွားဖြစ်သည်။ မြန်မာဝမ်ပေါင်ကိုထိပါးခြင်းသည် အစိုးရကိုထိခြင်းဖြစ်သည်။ ထိုဖော်မြူလာအရ တရုတ်သံရုံးရှေ့တွင်ဆန္ဒပြသော ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှတို့ခြောက်ဦးကို ပုဒ်မခြောက်ခုဖြင့်ဖမ်းချုပ်ပြီး အင်းစိန်ထောင်သို့ ရမန်နှင့်ပို့လိုက်၏။ အခြားအမှုများတွင် အမှုစစ်ကာလမှာ နှစ်နှင့်ချီ၍ကြာမြင့်သော်လည်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့အမှုမှာ လျှင်မြန်လှ၏။ အာဏာစက်ကွင်းကိုထိပါးလာပြီဖြစ်သဖြင့် တရုတ်သံရုံးရှေ့ ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် ကိုနေမျိုးဇင်အပါအ၀င်ခြောက်ဦးအား အလုပ်နှင့်ထောင်ဒဏ် လေးနှစ်လေးလစီကျခံရန် ဒဂုံတရားရုံးက ၁၅.၅.၂၀၁၅ တွင် အမိန့်ချမှတ်ခဲ့သည်။ အမှုစတင်ဖြစ်ပွားသည့် ၂၉.၁၂.၂၀၁၄ နှင့် အမိန့်ချမှတ်သော ၁၅.၅.၂၀၁၅ ကိုကြည့်လျှင် ပုဒ်မသုံးခုအတွက်အမှု စ စစ်ချိန် စုစုပေါင်း လေးလခွဲသာ ကြာသည်ဖြစ်ရာ မြန်မာနိုင်ငံတရားရေးဌာနသည် အလုပ်မလုပ်ဘူးဟု မည်သူလာ၍စွတ်စွဲနိုင်ပါတော့မည်နည်း။ အစိုးရ၏အာဏာကိုထိပါးလာလျှင် တရားရုံးများသည် လျှပ်စစ်အဟုန်ဖြင့် အလုပ်လုပ်ကြသည်ကို တွေ့မြင်နိုင်ကြပေသည်။ တဖက်တွင်လည်း အစိုးရ၏ကုလားထိုင်နှင့် မသက်ဆိုင်သောအမှုများတွင် နှစ်ပေါက်ရုံမက နှစ်ချို့အောင်ပင် အချိန်ယူစစ်ကြောနေတတ်တာလည်း တွေ့ရပေမည်။
မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရန်အတွက်ဆန္ဒပြချီတက်နေကြသော တက္ကသိုလ် ကျောင်းသားများနှင့် ၀န်းရံသူများကို အစိုးရသည် ငြိမ်းချမ်းစွာဆန္ဒပြသူများဟု မမြင်၊ သူတို့အာဏာတည်မြဲရေးကို ထိပါးလာသူများဟု ယူဆသည်။ ထို သီအိုရီအရ အာဏာစက်ဝန်းကိုထိလာလျှင် သည်းမခံတတ်သောထုံးစံအရ မြို့တော်ခန်းမရှေ့တွင်၊ လက်ပံတန်းတွင် ကျောင်းသားပြည်သူကို ရက်ရက်စက်စက် ရိုက်နှက်အကြမ်းဖက်ဖြိုခွဲသည်။ ပြီးတော့အရှက်မရှိ E.U နည်းဖြင့်လုပ်ခဲ့ပါသည်ဟု တရားရုံးတွင်ရဲကထွက်ချက်ပေးသေးသည်။ ဟိုကရိုက်လို့ ဒီကပြန်ရိုက်ရပါသည်ဟု ခေါင်းဆောင်ကြီးက ဖာသည်။ ကျောင်းသားများနှင့် ၀န်းရံသူပြည်သူများကို ထောင်သွင်းအကျဉ်းချကာ ပုဒ်မ ၃ မျိုးမှ ၅ မျိုးအထိတပ်ကာ အမှုဖွင့်အရေးယူသည်။ အသက် ၁၈နှစ်မပြည့်သူကျောင်းသားကလေးနှစ်ဦးကိုပင် ဖမ်းဆီးချုပ်နှောင်ထားပြီး တဦးကိုမကြာခင်ကမှ အာမခံပေးသည်။ ပေါက်မြို့မှလျှို့ဝှက်စက်ရုံတခုအကြောင်း ဖော်ထုတ်ရေးသားသော ယူနတီဂျာနယ်မှသတင်းထောက်နှင့် အယ်ဒီတာများ ထောင်ဒဏ်ကျခံရ၏။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အကြောင်းကို ဖော်ထုတ်ရေးသားသော မြန်မာပို.စ်ဂျာနယ်မှ အယ်ဒီတာချုပ်နှင့် ဒုသတင်းထောက်ချုပ်တို့ အသရေဖျက်မနှင့် တရားစွဲခံရကာ ထောင်ဒဏ်၂လ ကျခံရ၏။ အခြားသော အရပ်သားအချင်းချင်း စွဲဆိုသောအသရေဖျက်မှုများတွင် ထောင်ဒဏ်တခါမှမချဖူးပဲ ဒဏ်ငွေကျပ် နှစ်သောင်းခန့်သာ ချမှတ်လေ့ရှိ၏။

အခြားတဖက်တွင် အာဏာစက်ဝန်းကို ထိပါးလာခြင်းမဟုတ်သောအခါ စစ်တပ်ဝင်းထဲတွင် နေ့ခင်းကြောင်တောင် သေနတ်ပစ်ဖောက်သောသူတဦးကိုပင် ဖခင်ဗိုလ်ချုပ်ကြီးဟောင်းမျက်နှာဖြင့် အာမခံပေးပေ၏။ အလွတ်တမ်းသတင်းထောက်ကိုပါကြီးကို ပစ်သတ်သော သူများကိုပင် တန်းပြည့်စစ်မှုထမ်းနေချိန်တွင် ဖြစ်ပွားသောကြောင့် အပြစ်မရှိဟု ဆုံးဖြတ်ခဲ့ကြသည်မှာ အံ့သြစရာဖြစ်ပေ၏။ လူတယောက်၏ အသက်အိုးအိမ်စည်းစိမ်မှာ တန်းပြည့်စစ်မှုထမ်းနေချိန်တွင် လုပ်ချင်သလိုလုပ်၍ရသည်ဟူသော စစ်အစိုးရလက်ထက်က စိတ်သဘောထားမျိုးဖြစ်သည်။ မြို့ပေါ်တွင်လူတယောက်ကို ၀ရမ်းမပါဘဲလာဖမ်းသွားပြီး သူတို့လက်ထဲတွင်သေကာမှ စစ်မြေပြင်တွင်သေပါသည်ဟုပြောခြင်းမှာ တာဝန်မဲ့လှသည်။ အာဏာကိုထိပါးလာခြင်းမဟုတ်သောအခါ ငါးလောင်းပြိုင်လူသတ်မှုသည်လည်း တရားခံပျောက်နေ၏။ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးဘေးတွင် ကိုးမမ ပစ္စတိုကျဉ်ဆန်ဒဏ်ရာနှင့် သေဆုံးနေသောမိန်းကလေးတယောက်အမှုမှာလည်း မပေါ်လွင်တော့ပါ။ ပြည်န၀ဒေးတံတားအောက်မှလူသတ်မှုမှာလည်း သိသိကြီးနှင့်မျက်ကွယ်ပြုခြင်းခံနေရပေ၏။ ကိုပါကြီးကိုသတ်သူ၊ ဒေါ်ခင်ဝင်းကိုသတ်သူ၊ ဒီပဲယင်းတွင် လူများစွာကိုသတ်သူ၊ ကချင်ဆရာမလေးကိုသတ်သူများလည်း ယခုထက်တိုင် ပဟေဋိကိုအဖြေမညှိနိုင်သေးပါ။

မြန်မာနိုင်ငံတွင် ထောင်ကျချင်လျှင်လွယ်၏။ ထောင်မကျချင်လျှင်လည်းလွယ်သည်။ ဖော်မြူလာကိုလူတွေကမသိသေးသဖြင့် ခက်နေခြင်းဖြစ်သည်။ အစိုးရသည် မြွေပွေးတစ်ကောင်ကဲ့သို့ သူ့ကိုမထိလျှင်ဘာမှမတုန့်ပြန်ဘဲ ငြိမ်လျှက်ကြည့်နေတတ်သည်ဖြစ်ရာ သူတို့အာဏာနှင့် အကျိုးစီးပွားကို သွားမထိဘဲ ကြိုက်သည့်အလုပ်ကိုလုပ်ပါ(ကြိုက်သည့်အလုပ်ဆိုသည်မှာ အကောင်းအဆိုး အားလုံးပါဝင်သည်)။ သင်သည်ဘယ်တော့မှ ထောင်ကျခြင်း၊ အသတ်ခံရခြင်း ဖြစ်မည်မဟုတ်ပါ။ သင်ထောင်ကျချင်လျှင်လည်း လွယ်ပါသည်။ သင်သည် မည်မျှပင်ကောင်းရောင်းကောင်းဝယ်လုပ်သည်ဖြစ်စေ၊ အများအကျိုးကိုစေတနာဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ သမာအာဇီဝ အလုပ်ကို လုပ်စားသည်ဖြစ်စေ၊ အစိုးရ၊ နိုင်ငံ့ပညာရေး ကောင်းအောင်လုပ်သည်ဖြစ်စေ၊ ပရဟိတလုပ်သည်ဖြစ်စေ တပ်မတော်၊ ဦးပိုင်လီမိတက်၊ အစိုးရအဖွဲ့စသည့် အကျိုးစီးပွားများကို သွားမထိလေနှင့်၊ အာဏာနှင့် အကျိုးစီးပွားကိုထိသည်နှင့် အင်မတန်အဆိပ်ပြင်းသောမြွေသည် မြွေပွေးတစ်ကောင်ကဲ့သို့ သင့်ကိုတန်းတန်းမတ်မတ် ကိုက်ခဲမည်ဖြစ်သည်။ သူ့ကိုသွားမထိလျှင်မူကား သင်သည်လုပ်ချင်တာလုပ်၍ ခရိုနီဘီလျံနာသူဌေးကြီး ဖြစ်နိုင်ပါသေးသည်။ ကံကောင်းလျှင် နိုင်ငံတော်အကြီးအကဲကပေးအပ်သော ဆုတံဆိပ်များပင် ရနိုင်ပါသေးသည် တမုံ့။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မြွေပွေးနှင့်တူသော အစိုးရ  မြွေပွေးနှင့်တူသော အစိုးရ Reviewed by သစ်ထူးလွင် on 19:56 Rating: 5
Powered by Blogger.