ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့သူ မီးလောင်ဒဏ်ရာကြောင့် ကွယ်လွန်

ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့တဲ့ တောင်သူ ဦးမြင့်အောင် ကို မေလ ၂၁ ရက်နေ့က တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ မှာတွေ့ရစဉ် Photo: Khun Zaryar/RFA
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရေပူကျေးရွာမှာ အစိုးရတပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် မနေ့က ကိုယ့်ကိုကိုယ် မီးရှို့ပြီးဆန္ဒပြတဲ့ တောင်သူ ဦးမြင့်အောင်ဟာ ဒီနေ့ စ၀်စံထွန်းဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

မီးလောင်ဒဏ်ရာ ပြင်းထန်တာကြောင့် အသက်ဆုံးရှုံး သွားတာဖြစ်တယ်လို့ ဦးမြင့်အောင်ရဲ့ တူမဖြစ်သူ မမော်မော်အောင်က ပြောပါတယ်။

"ကျမတို့ဦးလေးက ဒီနေ့ ၁ နာရီခွဲမှာ ဆုံးသွား တယ်ပေါ့နော်၊ ဒီမီးလောင်လောင်မှုနဲ့ဒဏ်ရာက တအားပြင်းတယ်လေ၊ မီးလောင်ဒဏ်ရာက တအားပြင်းပြီးတော့ သေဆုံးသွားတယ်ပေါ့၊ မဖြစ်သင့် မဖြစ်ထိုက်တာတွေနဲ့ ဒီလိုမျိုးဖြစ်သွား ရတဲ့အခါကျတော့ အစ်မ တအားဝမ်းနည်းတယ်ပေါ့နော်၊ သူက ဒီတောင်သူလယ်သမားတွေကို ခံစားနေရတာတွေကို သူလုပ်သွားတဲ့အခါကျတော့ အစ်မတို့က ခံစားနေရတာကိုတော့ နည်းနည်းဖြေသိမ့် တာပေါ့နော်"

အသက် ၆၃ နှစ်အရွယ်ရှိတဲ့ တောင်သူ ဦးမြင့်အောင် ရုပ်အလောင်းကို ရေပူရွာမှာ သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။

ကွန်လုံကျေးရွာအုပ်စု ကျောက်နီ၊ ရေပူ၊ သရက်ပင်လှ၊ ဘုရားနီနဲ့ နောင်ကား ကျေးရွာတွေက လယ်ယာ မြေ ဧက ၅ဝဝဝ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလိုသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲမှာ စစ်တန်းလျားဆောက်ဖို့အတွက် ဒီလ ၂၁ ရက်နေ့က စစ်တပ်က ပြင်ဆင်တာမှာ ဝင်ရောက်တားမြစ်တဲ့ တောင်သူတွေနဲ့ တပ်မတော်သားတွေအကြား စကားများခဲ့ပြီးနောက် ဦးမြင့်အောင်က မီးရှို့ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့သူ မီးလောင်ဒဏ်ရာကြောင့် ကွယ်လွန်  ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့သူ မီးလောင်ဒဏ်ရာကြောင့် ကွယ်လွန် Reviewed by သစ်ထူးလွင် on 10:14 Rating: 5
Powered by Blogger.