ပြင်ဦးလွင် ပွဲကောက်ရေတံခွန်၌ အမျိုးသမီးတစ်ဦး ရေထဲမျောပါမှုဖြစ်ပွား


ပြင်ဦးလွင် မေ ၂၂

ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်၌ မေ ၁၉ ရက်က အမျိုးသမီးတစ်ဦး ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယင်းနေ့ရက်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၇) ရတနာရပ်ကွက်နေ ဦးမျိုးမင်း-ဒေါ်ဌေးဌေး တို့၏ သမီးဖြစ်သူ မယဉ်မျိုးထွေး(ခ)ရှင်းသန့်(ခ)အငယ်လေး (၂၄ နှစ်)သည် သူငယ်ချင်း ခြောက်ယောက်နှင့်အတူ ပွဲကောက်ရေတံခွန် အထက်ဆင့် ဗောကွင်းများငှားသည့်နေရာ ဝါးရုံပင်များအနီး၌ ရေဆော့ကစားနေစဉ် မွန်းလွဲ ၂ နာရီခွဲက ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်ရက်သည် မြန်မာတစ်နိုင်ငံလုံး၌ ပြင်ဦးလွင်မြို့သည် မိုးရေချိန် ၆ ဒသမ ၆၅ လက်မဖြင့် အများဆုံးရွာသွန်းခဲ့ပြီး တစ်မြို့လုံးမှ မိုးရေအားလုံးတို့သည် ဂဲလောင်းချောင်းအတွင်းသို့ စီးဝင်ခဲ့ပြီး ယင်းဂဲလောင်း ချောင်းမှတစ်ဆင့် ပွဲကောက်ရေတံခွန်သို့ ဆက်လက် စီးဆင်းသွားရာ ရေတံခွန် သည် ယင်းအချိန်၌ ရေအားအလွန်ပြင်းထန်စွာ စီးဆင်းလျက်ရှိကြောင်း သိရသည်။

ရေစီးအတွင်း မျောပါသွားသူ မယဉ်မျိုးထွေးကို လေးရက်မြောက်သည် အထိ လူ ၅ဝ ခန့်ဖြင့် ရန်ကုန် ကျောင်းသုံးဆင့်ရေတံခွန်၊ မြိုင်ကြီးချောင်း များအထိ လိုက်လံရှာဖွေနေသော်လည်း မတွေ့ရသေးကြောင်း မိသားစု ဝင်များ၏ ပြောပြချက်အရ သိရသည်။

ပြင်ဦးလွင် ပွဲကောက်ရေတံခွန်၊ ဓာတ်တော်ချိုင့်ရေတံခွန်၊ ပိတ်ချင်း မြောင်၊ သုံးထပ်ရေတံခွန်စသည့် ရေတံခွန်များသည် မိုးများစွာ ရွာသွန်း ချိန်တွင် ရေစီးအားအလွန်ကောင်းသောကြောင့် သွားရောက်လည်ပတ်သူများ အနေဖြင့် သတိနှင့် ဆင်ခြင်လည်ပတ်သင့်ကြောင်းနှင့် ရေတံခွန်၌ တာဝန်ရှိ သူများအနေဖြင့်လည်း သတိပေးတားမြစ်ခြင်း၊ လိုအပ်သည့် ဆိုင်းဘုတ်များ တပ်ဆင်ပေးထားခြင်း၊ ကန့်သတ်လည်ပတ်စေခြင်း စသည့်လုပ်ဆောင်ချက် တို့ကို ပိုမိုလုပ်ဆောင်နိုင်ပါက လာရောက်လည်ပတ်သူများအတွက် အန္တရာယ်ပို၍ ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း မြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သက်နိုင်(ပြင်ဦးလွင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပြင်ဦးလွင် ပွဲကောက်ရေတံခွန်၌ အမျိုးသမီးတစ်ဦး ရေထဲမျောပါမှုဖြစ်ပွား  ပြင်ဦးလွင် ပွဲကောက်ရေတံခွန်၌ အမျိုးသမီးတစ်ဦး ရေထဲမျောပါမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 10:14 Rating: 5
Powered by Blogger.