နီပေါငလျင်ကြောင့် ဧ၀ရတ်တောင် အနည်းငယ် နိမ့်ကျသွား


ခတ္တမန္ဒူ ၊ ၃-၅-၂၀၁၅

နီပေါငလျင် လှုပ်ခတ်ပြီး နောက် ရိုက်ကူးခဲ့သော ဂြိုဟ်တု ပုံရိပ်များ အရ ဧဝရက်တောင် သည် အနည်းငယ် နိမ့်ကျခြင်းနှင့် ခတ္တမန္ဒူမြို့ အနီးတွင်လည်း မြေပြင် တစ်ခုလုံး သုံးပေခန့် ကြွတက် သွားသည်ကို တွေ့ရှိ ရခြင်းသည် အလွန် ပြင်းထန်သော ငလျင်၏ လက္ခဏာများ ဖြစ်ကြောင်း၊ ထို့ကြောင့် ဤမျှထိ ပျက်စီး သေကျေမှု များပြားရခြင်း ဖြစ်ကြောင်း ဥရောပပိုင် Sentinel-1A ရေဒါ ဂြိုဟ်တုကို အသုံးပြု တိုင်းတာခဲ့သော သုတေသီ များက ပြောပြသည်။

ဧပြီ ၂၉ ရက်က Sentinel-1A ဂြိုဟ်တုသည် နီပေါနိုင်ငံ ပေါ်မှ ဖြတ်သန်းခဲ့ရာ သုတေသီ များက ကောင်းကင် ဓာတ်ပုံများ အမိအရ ရိုက်ကူးခဲ့ပြီး ယခုကဲ့သို့ ထုတ်ဖော် ပြောကြားခြင်း ဖြစ်ကာ မြေပြင် ပျက်စီးမှု အခြေအနေ များကို ထောက်ပြပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမို မြန်ဆန် ထိရောက်စွာ ဆောင်ရွက် နိုင်ရန် ရည်ရွယ်သည်။ အထူးသဖြင့် မြေပြိုပြီး ပိတ်မိနေသော နေရာဒေသ များကို ဂြိုဟ်တုဓာတ်ပုံ များဖြင့် ရှာဖွေ နိုင်ခဲ့ကြောင်း သိရသည်။

''အခု ရိုက်လိုက်တဲ့ ပုံတွေကို အရင်က ရိုက်ထားတဲ့ ပုံတွေနဲ့ နှိုင်းယှဉ် ကြည့်တဲ့အခါ မြေပြင်ဟာ အပေါ်ဘက်ကို ထောင်လိုက် မြင့်တက် လာတာ တွေ့ရပါတယ်။ ငလျင်လှုပ်ခတ် သွားတဲ့ ဒေသ တစ်ခုလုံးမှာ မြေပြင်ဟာ အနည်းဆုံး တစ်လက်မ ကနေ သုံးပေထိ မြင့်တက် သွားခဲ့ပါတယ်။ ငလျင်လှုပ် နေတုန်းမှာ အကျယ်မိုင် ၃ဝ အရှည် ၇၅ မိုင်ရှိတဲ့ ဧရိယာ တစ်ခုလုံးဟာ သုံးပေလောက် လိမ့်တက် သွားပါတယ်။ ဒီလို ဖြစ်တာဟာ ခတ္တမန္ဒူမြို့ နဲ့  ၁ဝ မိုင်လောက်ပဲ ကွာဝေး ခဲ့တဲ့အတွက် ခတ္တမန္ဒူ မြို့ကြီးဟာ ဒီလောက်ထိ ပျက်စီးသွားတာ ဖြစ်ပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

ဂြိုဟ်တုပုံရိပ် များအရ ဧဝရက်တောင် အပါအဝင် ကမ္ဘာ့ အမြင့်ဆုံး တောင်ထိပ် များသည် အနည်းဆုံး တစ်လက်မ နိမ့်ကျ သွားခဲ့ကြောင်း၊ ခတ္တမန္ဒူ၏ မြောက်ဘက်တွင် ကမ္ဘာ မြေပြင်အောက် ကျောက်သားချပ် များအကြား နေရာဟ သွားသောကြောင့် ဖြစ်နိုင်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။ ယခု လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဧဝရက်တောင် သည် တစ်လက်မခန့် နိမ့်သွားသည် ဆိုသော်လည်း ဟိမဝန္တာ တောင်တစ်ကြော လုံးသည် တစ်နှစ်လျှင် တစ် စင်တီမီတာ ခန့် မြင့်တက်လာလေ့ ရှိပြီး ထိုသို့ ဖြစ်ရခြင်းမှာ အိန္ဒိယနှင့် ယူရေးရှားတိုက် များကို ထမ်းပိုးထားသော မြေအောက် ကျောက်သားလွှာ နှစ်ချပ် ပုံမှန်တိုက်မိ နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုတေသီများက သုံးသပ်သည်။

ဂြိုဟ်တုပုံရိပ် များအရ ငလျင်ကြောသည် ငလျင် ဗဟိုချက်မှ အရှေ့ဘက်သို့  ဦးတည်သွားခြင်း ဖြစ်ပြီး မြေပြင်ပေါ်မှ ၁ဝ ဒီဂရီသာ စောင်းသော နေရာမှ လှုပ်ခတ် သွားသည့် အတွက် အလွန် ပြင်းထန်ပြီး ဧရိယာ စတုရန်း မိုင်ပေါင်း ၅၆ဝဝ ထိ လှုပ်ခတ် စေခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

နီပေါငလျင်ကြောင့် ဧ၀ရတ်တောင် အနည်းငယ် နိမ့်ကျသွား  နီပေါငလျင်ကြောင့် ဧ၀ရတ်တောင် အနည်းငယ် နိမ့်ကျသွား Reviewed by သစ်ထူးလွင် on 12:09 Rating: 5
Powered by Blogger.