ယူကရိန်း ခွဲထွက်သူပုန်တပ်မှူး ကားဗုံးကွဲသေဆုံး


 ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်း ရုရှားနယ်စပ်နားမှာ ကားဗုံး ပေါက်ကွဲ ခဲ့တဲ့ အတွက် သူပုန်တွေရဲ့ထိပ်တန်းတပ်မှူးတဦးနဲ့ နောက်ထပ် ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေက ပြောပါတယ်။

ဒေါညက်စ် ( Donetsk) မြို့ရဲ့မိုင် ၉၀ အကွာလောက်က Alchevskမြို့နားမှာ စနေနေ့က ကားဗုံးကွဲခဲ့တဲ့အတွက် သူပုန်တွေရဲ့အဓိက တပ်ရင်းရဲ့တပ်မှူး အိုလက်စီမော့စ်ကိုဗွိုင်း (Oleksiy Mozgovoy) နဲ့တခြားလူတွေ သေဆုံးသွားခဲ့တယ်လို့ Luhansk ဒေသ သတင်း ထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

ဗုံးခွဲခံလိုက်ရတဲ့ကားကို အမည်မသိသူတွေက စက်သေနတ်တွေနဲ့ထပ်ပြီးပစ်သွားတယ်လို့ သတင်းကဆိုပါတယ်။ တိုက်ခိုက်သူတွေဟာ အဖျက်အမှောင့်လုပ်ငန်းကို လုပ်တဲ့သူတွေ၊ ကင်းထောက်တဲ့အဖွဲ့တွေကဖြစ်တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

ယူကရိန်းအစိုးရဘက်ကတော့ ဒီတိုက်ခိုက်မှုအပေါ် တစုံတရာ ချက်ခြင်းတုံ့ပြန်တာ မရှိသေးပါဘူး။ သူပုန်တွေရဲ့တပ်မှူး မော့စကိုဗွိုင်းကို အစောပိုင်းတုန်းက လုပ်ကြံဖို့ ကြိုးပမ်းတာတွေလည်း တော်တော်များများ ရှိခဲ့ပါတယ်။ မော့စ်ကိုဗွိုင်းက သူ့ရဲ့တပ်ရင်းမှာ တပ်ဖွဲ့ဝင် (၁,၀၀၀) ရှိပြီး သိပ်မကြာခင်မှာ ဘူဂေးရီးယား၊ စလိုဗက်နဲ့ ဂျာမန်တိုက်ခိုက်ရေးသမားတွေလည်း ပါဝင်လာဖို့ရှိတယ်လို့ ၂၀၁၄ သြဂတ်စ်လတုန်းက အင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
ယူကရိန်း ခွဲထွက်သူပုန်တပ်မှူး ကားဗုံးကွဲသေဆုံး  ယူကရိန်း ခွဲထွက်သူပုန်တပ်မှူး ကားဗုံးကွဲသေဆုံး Reviewed by သစ်ထူးလွင် on 09:50 Rating: 5
Powered by Blogger.