သြစီက ဒုက္ခသည်ကို ကမ္ဘောဒီးယားကို ပို့မယ်

လှေတွေနဲ့ ဝင်လာသူတွေကို သြစတြေးလျ အစိုးရက လူဝင်မှု စခန်းမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ (Credit: AAP) 
Nauru ​နိုင်ငံက ​သြစတြေးလျနိုင်ငံပိုင် ​လူဝင်မှု ​ထိန်းသိမ်းရေး ​စခန်းက ​ဒုက္ခသည် ​တချို့ကို ​လာမယ့် ​တနင်္လာနေ့ကျရင် ​ကမ္ဘောဒီးယားနိုင်ငံကို ​ပို့ဆောင်မှာ ​ဖြစ်ပါတယ်။ ​ပထမဆုံး ​အသုတ်အနေနဲ့ ​လူ ​၁၀ ​ယောက်ကို ​အရင်ဆုံး ​ပို့ဆောင်မယ်လို့ ​ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ​သွားနေမယ်လို့ ​ကတိပေးတဲ့ ​ဒုက္ခသည်တွေကို ​သြစတြေးလျ ​အစိုးရက ​ငွေကြေးတွေ ​ပေးဆောင်မှာ ​ဖြစ်ပါတယ်။

လက်ထဲမှာ ​ငွေသားတွေ ​ပေးမှာ ​ဖြစ်သလို ​ဘဏ်အကောင့်ထဲမှာလည်း ​ငွေတွေ ​ထည့်ပေးမှာ ​ဖြစ်ပါတယ်။ ​ဒါ့အပြင် ​ကမ္ဘောဒီးယားမှာ ​အလုပ်အကိုင်ရရှိဖို့၊ ​ပညာသင်ကြားခွင့် ​ရရှိဖို့နဲ့ ​စကားတွေ ​ပြောတတ်အောင် ​သင်တန်းတွေ ​တက်ဖို့ ​စတာတွေကို ​လုပ်ပေးမှာ ​ဖြစ်သလို ​ကျန်ရစ်သူ ​မိသားစုဝင်တွေနဲ့ ​ပေါင်းစည်းစေမယ်လို့လည်း ​သိရပါတယ်။

သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ ​ဝင်လာသူတွေကို ​သြစတြေးလျက ​လက်မခံလိုတာကြောင့် ​ဒေသတွင်း ​နိုင်ငံတွေမှာ ​လူဝင်မှု ​ထိန်းသိမ်းရေးစခန်းတွေ ​ဖွင့်ပြီး ​ပို့ဆောင်ထားပါတယ်။

ပါပူဝါ ​နယူးဂနီနိုင်ငံနဲ့ ​Nauru ​နိုင်ငံမှာ ​စခန်းကို ​ဖွင့်လှစ်ထားပြီး ​အဲဒီ ​စခန်းက ​လူတွေကို ​ဒုက္ခသည် ​စစ်မစစ် ​စီစစ်နေပါတယ်။ ​ဒုက္ခသည် ​စစ်မှန်ရင်တောင် ​သြစတြေးလျနိုင်ငံမှာ ​နေထိုင်ခွင့် ​မပေးပဲ ​ကမ္ဘောဒီးယားလို ​နောက်တစ်နိုင်ငံကို ​ပို့ဆောင်ဖို့ ​ကြိုးစားနေတာ ​ဖြစ်ပါတယ်။

အရင်နှစ်တုန်းကပဲ ​သြစတြေးလျက ​ကမ္ဘောဒီးယားကို ​ဒေါ်လာ ​သန်း ​၄၀ ​ပေးပြီး ​ဒုက္ခသည်တွေကို ​လက်ခံပေးဖို့ ​ပြောဆိုရာက ​အခုလို ​စတင်ပို့ဆောင်ဖို့ ​စီစဉ်နေတာ ​ဖြစ်ပါတယ်။

လှေတွေနဲ့ ​ဝင်လာတဲ့ ​ခိုလှုံခွင့် ​တောင်းလိုသူ ​တချို့ဟာ ​သြစတြေးလျနိုင်ငံမှာ ​ဘယ်တော့မှ ​နေထိုင်ခွင့် ​မရနိုင်ဘူးလို့ ​သိရတဲ့အတွက် ​စိတ်ဓာတ်ကျပြီး ​မိမိကိုယ်ကို ​အနာတရ ​ပြုတာတွေလည်း ​ဖြစ်လေ့ဖြစ်ထ ​ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သြစီက ဒုက္ခသည်ကို ကမ္ဘောဒီးယားကို ပို့မယ်  သြစီက ဒုက္ခသည်ကို ကမ္ဘောဒီးယားကို ပို့မယ် Reviewed by သစ်ထူးလွင် on 13:51 Rating: 5
Powered by Blogger.