ဒုက္ခသည်လူငယ်တွေနဲ့ သူတို့ရဲ့တက်ထူး

 အသားညှိညှိ အရပ် ၅ ပေ ၇လက်မလောက်ရှိတဲ့ ကျမတို့ရုံးက လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းတဦးရဲ့ ဘယ်ဖက်လက်ဖျန်ရိုးအောက်နဲ့ ပခုံးမှာ ဂီတ သံစဉ်ပုံ တက်ထူး(ဆေးမင်ကြောင်) ထိုးထားပါတယ်။

သူ့ရဲ့ တက်တူးပုံကိုတော့ လွိုင်ကော်စတူဒီယိုဆိုင်က အသက် ၃၀ကျော် သူ့သူငယ်ချင်းတစ်ယောက်ရဲ့ဆိုင်မှာ ထိုးတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော့် တက်တူးကို ကျနော်ကြည့်ပြီး စိတ်ချမ်းသာတယ်။ တက်တူးကို အခုခေတ်လူငယ်တွေ တော်တော်များများကြိုက်ကြတယ်။ လွမ်းမိုးမှုလည်းရှိလာတာပေါ့။ ဘယ်နိုင်ငံမှာကြည့်ကြည့် တက်တူးကို စိတ်ဝင်စားကြတယ်။ တချို့လူဆို တစ်ကိုယ်လုံးထိုးထားတာတွေရှိတယ်။ တချို့လူကလည်း မကြိုက်ဘူးပေါ့နော်။ အဲဒီ ထိုးတဲ့လူ ကြိုက်တဲ့လူကလည်း သူ့ခံယူချက်နဲ့သူ ထိုးတာပဲ။ သူ့ကိုလည်း အပြစ်ပြောလို့မရဘူး”
ဒုက္ခသည်လူငယ်တွေနဲ့ သူတို့ရဲ့တက်ထူး (ဓါတ်ပုံ-ကေတီ)
ဆိုင်တွေမှာ ထိုးတဲ့ တက်တူးပုံလေးတွေဟာ ပွဲတွေမှာ ပုံတွေလမ်းဘေးခင်းထားပြီး ထိုးတာထက် ပိုစိတ်ချရတယ်လို့ သူကဆက်ပြောပါတယ်။

နိုင်ငံကြီးတွေမှာ တက်တူးထိုးတဲ့ စတူဒီယိုဆိုင်တွေဟာ အာမခံချက်နဲ့အတူ ခွင့်ပြုချက်လိုင်စင်ရတဲ့ ဆိုင်တွေဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်း-မြန်မာနယ်စပ် ကရင်နီ ဒုက္ခသည်စခန်းမှာ မြင်တွေ့နေရတဲ့ လူငယ်တွေ ထိုးတဲ့တက်တူးတွေဟာ အပ်တစ်ချောင်းသုံးပြီး လူနှစ်ယောက်သုံးယောက်ကို စခန်းအတွင်းမှာ ထိုးကြတယ်လို့ သိရတော့ သူတို့ ကျန်းမာရေးအတွက် စိုးရိမ်စရာတွေဖြစ်လာပါတယ်။

စခန်းတွင်းက တက်ထူးနစ်သက်တဲ့လူငယ်တွေအတွက် အာမခံချက်ရှိတဲ့ တက်ထူးထိုးဆရာဆိုတာမရှိပါဘူး။

လူငယ်တွေအချင်းချင်းအပြန်အလှန်ထိုးပေးကြတာပါ။ စိုးရိမ်စရာကောင်းတာက အပ်တချောင်းထဲကို လူတဦးထက်မနည်းအသုံးပြုနေတဲ့ကိစ္စဖြစ်ပါတယ်။

အသက် ၁၆နှစ်အရွယ်ရှိ လူရယ်(နာမည်အရင်းမဟုတ်)ဆိုသူဟာ ဒုက္ခသည်စခန်းထဲက လူငယ်လေးတယောက်ပါ။ ဘယ်၊ ညာနားရွက်အထက်ကဆံပင်ကို ကတုံးပုံစံလုပ်ပြီး နှစ်လက်မရှည်တဲ့ ငယ်ထိပ်ပေါ်ကဆံပင်ကို အနီရောင်ဆိုးပြီးထောင်ထားပါတယ်။

သူ့ရဲ့ လက်မောင်း၊ ပါးစပ်နှဘေး၊ နားရွက်နောက်ဖက်၊ ခြေသလုံးနဲ့ ဖခုံးတွေမှာတော့ ကြယ်ပုံအမျိုးမျိုး၊ နဂါးပုံ၊ အိင်္ဂလိပ် အက္ခရာ စာလုံးလေးတွေကို အမျိုးမျိုးပုံဖော်ပြီးတက်ထူးထိုးထားပါတယ်။

“အလှထိုးတာပါ။ ထိုးတော့ ပိုခန့်တာပေါ့။ ပြီးတော့ သူများထိုးတာတွေ့တော့ အားကျတယ်လေ။ သူများထိုးတာတွေ လှတယ်လေ။”လို့ လူရယ်ကပြောပါတယ်။
ဒုက္ခသည်လူငယ်တွေနဲ့ သူတို့ရဲ့တက်ထူး (ဓါတ်ပုံ-ကေတီ)
စခန်းတွင်းတက်ထူးထိုးခြင်းကို စခန်းကော်မီတီက တက်ထူးထိုးပေးသူတွေကို ပိတ်ပင်ထားမြစ်ထားပါတယ်။ ကျန်းမာရေးရှုထောင့်အရ အာမခံချက်မရှိတဲ့ ဒုက္ခသည်စခန်းအတွင်းမှာ မထိုးသင့်ကြောင်း ကရင်နီကျန်းမာရေး ဌာနမှလည်းအကြံပြုထားပါတယ်။

“ ဒီစခန်းထဲမှာ တကယ့်သက်သေ အထောက်အထား အာမခံချက်ဘယ်လောက်ရှိလဲဆိုတာ ကျနော်တို့ ပြောလို့မရဘူးပေါ့နော်။ ဒါပေမယ့် တကယ့် နိုင်ငံကြီးတွေမှာဆိုရင် သူများတွေ သေချာစနစ်တကျနဲ့ အာမခံချက်ရှိတယ်ဆိုတော့ ပြီးတော့ သူများသတ်မှတ်ထားတာက တခါသုံးပဲဆိုတော့ ကျနော်တို့ နိုင်ငံကြီးနဲ့ နှိုင်းယှဉ်လို့မရဘူး”လို့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူ ဦးဟယ်နရီထူးကပြောပါတယ်။

အပ်တစ်ချောင်းတည်းကို အများနဲ့အသုံးပြုတဲ့အတွက် သွေးကနေတဆင့်ဖြစ်စေ အသုံးပြုဖန်များလာတဲ့အပ်မှာလည်း သံချေးတက်ပြီး အပ်ကနေတဆင့်ဖြစ်စေ ရောဂါရရှိနိုင်တဲ့အတွက် ကျန်းမာရေးရှု့ထောင့်အရ မပြုလုပ်သင့်ပေမဲ့

ဒုက္ခသည်လူငယ်လေးတွေကြားမှာ ရေပန်းစားနေတဲ့ အတွက် တာဝန်ရှိသူတွေ ဘက်ကလည်း ကိုင်သွယ်ဖြေရှင်းရ အတော်လေး ခက်လှပါတယ်။ ကျန်းမာရေး ဌာနကတော့ တဦးနဲ့တဦး ရောဂါ မကူးစက်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကျန်းမာရေး ပညာပေး အစီအစဉ်တွေ လုပ်သွားလို့တော့ ဆိုထားပါတယ်။

လူဦးရေ ၁၅၀၀၀ လောက်ရှိတဲ့ ကရင်နီအမှတ် ၁ဒုက္ခသည်စခန်းအတွင်းမှာ တက်ထူးထိုးဆရာ နှစ်ဦးရှိတယ်လို့ တက်ထူးထိုးလူငယ်တွေရဲ့ပြောပြချက် အရသိရပါတယ်။ စခန်းတွင်းမှာ လျပ်စစ်မီး၊ အဆင့်မြင့်ပစ္စည်းကိရိယာတွေမရှိပေမဲ့ သူတို့ကိုယ်တိုင်ထိုးထားကြတဲ့ တက်ထူးတွေက အပြင်က တရားဝင်ဖွင့်ထားတဲ့ တက်တူးဆိုင်ကလက်ရာတွေလိုပါပဲ။တရားဝင်ထိုးခွင့်ပေးထားခြင်းမရှိတဲ့အတွက် စခန်းတာဝန်ရှိသူတွေကပိတ်ပင်ထားပါတယ်။

“ရောဂါတွေကျတော့ နားမလည်ဘူး။ သူထိုးပေးတာကတော့ ဒိုင်လမိုနဲ့ ထိုးပေးတာ ပြီးတော့ အပ်ကို အရက်ပြန်နဲ့ ပြန်ဆေးပါတယ်”လို့ လူရယ်ကပြောပါတယ်။

လှချင်တာတစ်ခုတည်းနဲ့ပဲ တက်တူးကို ငွေကုန်ခံ၊ အသားအနာခံပြီးထိုးထားတဲ့အတွက် ရောဂါတွေ ဖြစ်လာမလားဆိုတာမျိုးကိုလည်း မစဉ်းစားမိကြပါဘူး။

“အဲဒါကတော့ အန္တာရာယ်တအားများတယ်လို့ ပြောရမှာပေါ့။ အပ်တစ်ချောင်းတည်းနဲ့ သုံးတာကတော့ ဒီ စိတ်မချရဘူးပေါ့နော်။ ကျနော်တို့ထိုးတဲ့ ပုံစံမျိုးဆိုရင် ထိုးရတယ် စခန်းထဲက ထိုးတဲ့ပုံစံဆိုရင် ကျနော်လုံးဝမထိုးရဲဘူး။ အပ်တစ်ချောင်းထဲ ဟိုတစ်ယောက်မှာ ဘာရောဂါရှိလဲဆိုတာ ကျနော်တို့ မသိနိုင်ဘူးလေ”လို့ ကျမနဲ့အတူ တရုံးထဲအလုပ်အတူလုပ်တဲ့ သူငယ်ချင်းက ပြောပါတယ်။
ဒုက္ခသည်လူငယ်တွေနဲ့ သူတို့ရဲ့တက်ထူး (ဓါတ်ပုံ-ကေတီ)
တက်တူးကို အနုပညာရှင်တွေ၊ လူငယ်တွေအနေနဲ့ အောင်မြင်မှုအမှတ်အသား၊ အဖွဲ့အမှတ်အသား၊ ခံစားချက်အမှတ်အသား၊ ကိုယ်နှစ်သက်တဲ့ သက်ရှိ သက်မဲ့ သတ္တဝါပုံနဲ့ အိင်္ဂလိပ် အက္ခရာစာလုံး စတဲ့ မတူညီ ကွဲပြားတဲ့ ပုံအမျိုးမျိုးကို ခေါင်းအစ ခြေအဆုံး ထိုးကြပါတယ်။

တချို့နိုင်ငံကြီးတွေမှာဆိုရင် တစ်ကိုယ်လုံး ထိုးတာတွေလည်း လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘုတ်မှာ တင်တာတွေလည်း တွေ့ရပါတယ်။

ကိုယ်နှစ်သက်တဲ့ တက်တူးပုံအပေါ်မှုတည်ပြီး ပုံအမျိုးအစားနဲ့ ပုံအရွယ်အစားဖြစ်တဲ့ ပုံကြီးရင် ဈေးကြီးသလို ဈေးပေးရတာဖြစ်တယ်။

စခန်းအတွင်းက အသက် ၁၅နှစ်အရွယ် နိုရယ်(နာမည်အရင်းမဟုတ်)က “ပိုက်ဆံကိုတော့ မိဘတွေပေးတယ် သူတို့ကို ညာတောင်းတာပေါ့” လို့ ပြောပါတယ်။

တက်တူးကို နှစ်သက်တဲ့သူတွေ ရှိသလို မနှစ်သက်တဲ့သူတွေလည်းရှိနေပါတယ်။ ကျမတို့ လူမှုအသိုင်းအဝန်းမှာ မနှစ်သက်တဲ့သူတွေအများ အားဖြင့်ကတော့ လူကြီး မိဘတွေဖြစ်နေပါတယ်။

သူတို့အနေနဲ့ကတော့ ဒါက လူကောင်းတွေမလုပ်သင့်တဲ့အရာလို့ သူတို့မြင်နေကြပါတယ်။

တက်တူးထိုးတဲ့ စခန်းနေလူငယ်တချို့ရဲ့ မိဘတွေကို ကြိုးစားမေးပေမယ့် တက်တူးထိုးတဲ့ သူတို့သားသမီးနဲ့ပါတ်သက်ပြီး မပြောချင်ကြပါဘူး။

ကျမရဲ့ အမြင်မှာတော့ လူငယ်တွေ တက်တူးဖက်ရှင်ကို သဘောကျနှစ်သက်တာ အပြစ်လို့မမြင်သလို တက်တူးထိုးထားတဲ့သူတိုင်းဟာလည်း လူဆိုးလူပေမဟုတ်ကြပါဘူး။ ဒါပေမယ့် တစ်ခုပဲရှိတာက တက်တူးကို ဘာစိတ်ခံစားမှုကြောင့် ထိုးတာပဲ ဖြစ်ဖြစ် အဓိကကတော့ ကျန်းမာရေးအတွက် စိတ်ချရပြီး အာမခံချက်ရှိတွေ ရှိမှ ထိုးသင့်ပါတယ်။

တက်ထူးထိုးထားတဲ့ ကျမတို့ရုံးက လုပ်ဖေါ်ကိုင်ဖက် လူငယ်တဦးကတော့ တက်တူးကို ကြိုက်တဲ့လူငယ်တွေကို အဆင့်မြင့် နောက်ဆုံးပေါ်ပစ္စည်းတွေ၊ တခါသုံးအပ်တွေနဲ့ အသုံးပြုတဲ့ဆိုင်တွေမှာထိုးသင့်ကြောင်းပြောပါတယ်။

“အာမခံလည်းရှိတယ်။ ဒါပေမယ့် ဈေးတော့နည်းနည်းကြီးတာပေါ့။ လူငယ်တွေ တော်တော်များများတော့ ထိုးကြတယ်။ စိတ်ချရတဲ့အခြေအနေမို့လို့ ထိုးကြတာပေါ့”

Written by စူးမယ်
ကန္တရဝတီတိုင်း
http://www.ktimes.org
ဒုက္ခသည်လူငယ်တွေနဲ့ သူတို့ရဲ့တက်ထူး   ဒုက္ခသည်လူငယ်တွေနဲ့ သူတို့ရဲ့တက်ထူး Reviewed by သစ်ထူးလွင် on 19:07 Rating: 5
Powered by Blogger.