ရုရှားက မြန်မာကို နျူကလီးယားနည်းပညာကူညီရေး စတင်ညှိနှိုင်း


ရုရှားက မြန်မာနိုင်ငံကို အဆင့်မြင့် နျူကလီးယား နည်းပညာ အကူအညီတွေကို ထောက်ပံ့ပေးဖို့ မြန်မာနဲ့ ရုရှား အဏုမြူ စွမ်းအင် အေဂျင်စီ (Rosatom) အကြား ဆွေးနွေးညှိနှိုင်းနေပါတယ်။

မြန်မာ့ စွမ်းအင်ကဏ္ဍ တိုးတက်လာစေဖို့အတွက် အဆင့်မြင့်နည်းပညာတွေကို ပေးဖို့ ဆွေးနွေးပွဲတွေ စတင်နေပြီလို့ ဧပြီ ၁၃ ရက် ဂျပန်နိုင်ငံ တိုကျိုမှာ ကျင်းပတဲ့ အဏှမြူ စီးပွားရေး ဖိုရမ်မှာ Rosatomရဲ့ လက်ထောက် ညွန်ကြားရေးမှူး ကိုင်ရေးလ် ကိုမာရော့ကို ကိုးကားပြီး sputnik သတင်းဌာနက ရေးပါတယ်။

“နျူကလီးယားအဆင့်မြင့်နည်းပညာတွေကို ထောက်ပံ့ပေးဖို့ သင့်တော်တဲ့ အခြေအနေတွေကို ဖန်တီးပေး ဖို့ မြန်မာနဲ့ ဆွေးနွေးနေပါတယ်။ သင့်တော်တဲ့ အခြေအနေတွေထဲမှာ ဥပဒေ မူဘောင်အတွက် ကြိုတင်ပြင် ဆင်ကြဖို့နဲ့ ၀န်ထမ်းတွေကို သင်တန်းပေးဖို့တွေကိစ္စတွေ ပါဝင်ပါတယ်” လို့ ကိုင်ရေးလ်ကိုမာရော့က ပြောပါ တယ်။

ဒါဟာ ဆွေးနွေးညှိနှိုင်းမှုအစ ဖြစ်ပြီး တခြား အာရှပစိဖိတ်ဒေသလိုပဲ မြန်မာက ထုတ်လုပ်မှု စွမ်းအင်တိုးတက်ဖို့ အတွက် စိတ်ဝင်စားသလို နျူကလီးယား လျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်ချင်နေတယ်လို့လည်း သူက ပြောပါတယ်။

မတ်လ အစောပိုင်းကလည်း Rosatomရဲ့ လက်ထောက် အထွေထွေ ညွန်ကြားရေးမှူး နီကိုလေး စပါး စကီက မြန်မာကို လာရောက်လည်ပတ်ခဲ့ပြီး ဒီခရီးစဉ်မှာ မြန်မာနဲ့ နျူကလီးယားစွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တာကို ရုရှား အဏုမြူ စွမ်းအင် အေဂျင်စီ (Rosatom) က သတင်းထုတ်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း နီကိုလေး စပါးစကီဟာ မြန်မာဒုတိယသမ္မတဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးကိုကိုဦး၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူရဲ့ ခရီးစဉ်အပြီးမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ရုရှားနဲ့ ပူးပေါင်းပြီး နျူကလီးယား စွမ်းအင်ကို ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုဖို့ အတွက် စိတ်ဝင်စားတဲ့ အကြောင်း အတည်ပြုပြောဆို ခဲ့ပါတယ်။

မြန်မာနဲ့ ရုရှားအစိုးရတို့ဟာ မြန်မာနိုင်ငံမှာ နျူကလီးယားသုတေသနစင်တာတခု ထူထောင်ဖို့ ၂၀၀၇ ခုနှစ်မှာသဘောတူလက်မှတ်ရေး ထိုးခဲ့ပါတယ်။

မြန်မာဟာ နျူကလီးယားမပြန့်ပွားရေးသဘောတူစာချုပ်ကို ၁၉၉၂ ခုနှစ်မှာ လက်မှတ်ထိုး ခဲ့သလို နိုင်ငံတကာနျူ ကလီးယားစွမ်းအင်အေဂျင်စီ (IAEA) ရဲ့အဖွဲ့ဝင်အဖြစ် ၁၉၅၇ ခုနှစ်ကတည်းက ၀င်ရောက်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
ရုရှားက မြန်မာကို နျူကလီးယားနည်းပညာကူညီရေး စတင်ညှိနှိုင်း  ရုရှားက မြန်မာကို နျူကလီးယားနည်းပညာကူညီရေး စတင်ညှိနှိုင်း Reviewed by သစ်ထူးလွင် on 19:11 Rating: 5
Powered by Blogger.